တိုက်ခိုက်မှုဖြစ်နိုင်တဲ့ သတင်းတွေကြောင့် ရခိုင်မှာ လုံခြုံရေးတိုး

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မောင်တောဒေသက ရဲတပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသ အပါအဝင် ရခိုင်ပြည် နယ် အတွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တကြော့ပြန် ဖြစ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ လုံခြုံရေး တိုးမြှင့် လုပ်ဆောင် နေတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တွေက ပြောပါတယ်။

ARSA အဖွဲ့က တစ်လကြာ အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ ရက်ကလည်း စေ့ပြီဖြစ်တဲ့ အချိန်မှာ အောက်တိုဘာ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက် လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ တဘက်နိုင်ငံမှာ စုဖွဲ့ လေ့ကျင့်နေပြီး အင်နဲ့ အားနဲ့ တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ် ဆိုတာ သူတို့ရဲ့ သတင်းပေးတွေ ဆီက သတင်းတွေ ရထားတယ်လို့ ပြောပါတယ်။

တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေးတွေ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ် ဆိုတဲ့ သတင်းတွေ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ နိုင်ငံတွင်းက ပြည်သူတွေ အကြမ်းဖက် တိုက်ခိုက် မခံရအောင်၊ အသက်အိုးအိမ် မဆုံးရှုံးအောင် ကာကွယ်ဖို့ တာဝန်ရှိတဲ့ အတိုင်း လုံခြုံရေး အဖွဲ့ အစည်းတွေက အမြဲ သတိထားစောင့်ကြည့် ဆောင်ရွက် နေတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် စန်းလွင်က ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေး အင်အား ဘယ်လောက် တိုးမြှင့် ချထား အသုံးပြုတယ်လို့ မပြောနိုင်ပေမဲ့ မြို့အဝင်အထွက် တွေမှာ စောင့်ကြည့်တာ၊ လှည့်ကင်းတွေ လုပ်ဆောင်တာ၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ လမ်းဆုံ လမ်းခွတွေမှာ စောင့်ကြပ်ပြီး လုံခြုံရေး ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။