ရခိုင်အရေး ပြစ်မှုကြီး မြောက်နိုင်လို့ ကုလသတိပေး

ဓာတ်ပုံ မူပိုင် UN
Image caption သတင်းအချက်အလက် ရှာဖွေရေး အဖွဲ့တွေကို ဝင်ခွင့် ပေးသင့်ကြောင်း တောင်းဆိုထား

ရခိုင် က ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့ အမျိုးသမီး နဲ့ ကလေးတွေ အတင်းအကျပ် ရွှေ့ပြောင်း ခံရတာ၊ အဓမ္မ ပြုကျင့်မှု ခံနေရတာတွေကြောင့် မြန်မာ အစိုးရ က လူသား အမြောက်အများ အပေါ် ရာဇဝတ်မှု ကျူးလွန် တဲ့ Crime Against Humanity ပြစ်မှုကြီး မြောက် နိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီး ရဲ့ အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေး ကော်မတီ CEDAW နဲ့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ CRC တို့က ပူးတွဲ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ကုလသမဂ္ဂ အဖွဲ့ ကော်မတီ တွေရဲ့ ထုတ်ပြန် ချက်ဟာ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေ နဲ့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်တွေ ကို ကိုးကားပြီး အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ CEDAW ရဲ့ ဥက္ကဋ္ဌ ဒါလီယာ လင်းနက် ကဘီဘီစီ ကို ပြောပါတယ်။

အခုဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ က လူအမြောက်အမြားကို လူမဆန်တဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်တာမျိုး လည်းဖြစ်တယ်၊ နောက်ပြီး လူမျိုးတုံးအောင် သန့်စင်ရှင်းလင်းနေတာလည်း ဖြစ်ပြီး အစိုးရ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်စေတယ်လို့ ဒါလီယာ လင်းနက် က ဆိုပါတယ်။

မြန်မာပြည်ထဲက ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေကို ကုလသမဂ္ဂ ရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့တွေ စေလွှတ် လိုပေမယ့် မြန်မာ အစိုးရ က ခွင့်မပြု တာကလည်း အခက်အခဲ အတား အဆီး တွေ ဖြစ်ပေါ်စေပြီး ဒီလို အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ကိုလည်း ကုလသမဂ္ဂ အဖွဲ့ ဘက် က တောင်းဆို ထားပါတယ်။

နိုင်ငံ အတွင်း ကနေ လူငါးသိန်း လောက် ထွက်ခွာ သားတဲ့ ရလဒ် ဟာ လူမျိုး တုန်း ရှင်းလင်း ရေး ပုံစံ အသွင်ကို ဖော်ဆောင်တာမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ဟိန္ဒူ ဘာသာဝင် ၄၅ ယောက် ရဲ့ အလောင်း တွေကို ရှာဖွေ တွေ့ရှိရပြီး ဒါက ARSA အကြမ်းဖက် အဖွဲ့ရဲ့ လုပ်ရပ် လို့ အစိုးရက ထုတ်ဖော် ပြောကြား ထားပေမယ့် ဒီလိုမျိုး ကိစ္စတွေကို စစ်ဆေးဖို့ ကုလသမဂ္ဂ ကျွမ်းကျင် သူတွေကို ဝင်ရောက်ခွင့် ပေးသင့် တယ်လို့ CEDAW ကော်မတီ ဥက္ကဋ္ဌ က ပြောကြားသွားခဲ့ပါတယ်။