ဥရောပ ခရီးသည်တွေက မြန်မာ ခရီးစဉ်တွေ ဖျက်နေ

Image caption ဥရောပက ခရီးသည်တွေ ဝင်ရောက်တာ နည်းသွားနိုင်

ရခိုင်မြောက်ပိုင်း မတည်မငြိမ်မှုတွေ ရှိနေတာဟာ မြန်မာပြည်ထဲ နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုကို ထိခိုက်နေတယ်လို့ ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။

ပွင့်လင်းရာသီ၊ နိုင်ငံခြားသား ခရီးသည်တွေ အဝင်များတဲ့ ကာလ မတိုင်ခင်လေးမှာ ရခိုင်ပြည်နယ်အရေး ပေါ်ပေါက် လာပြန်တဲ့ အတွက် ကြိုတင် စီစဉ်ထားတဲ့ ခရီးစဉ်တွေ တော်တော်များများကို ခရီးသွားတွေဘက်က ဖျက်သိမ်းတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ၊ ဒီဇင်ဘာလတွေထဲ ဝင်လာမယ့် ခရီးသွား အဖွဲ့ အရေအတွက်ဟာ ဒီနှစ်မှာ ထက်ဝက်မက ကျဆင်းသွားတယ်လို့ ကမ္ဘာလှည့် အင်းလေးဇုန် ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဇော်ဌေးအောင်က ပြောပါတယ်။

ခရီးစဉ် ဖျက်သိမ်းကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ကြည့်ရင် ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံက သူတွေ များတယ်လို့လည်း ခရီးသွား လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရခိုင်မြောက်ပိုင်း အရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ အပေါ် ဝေဖန် ကြသူတွေထဲ ပြင်သစ်နဲ့ ယူကေ အစိုးရတို့ ပါဝင် ပေမယ့် မြန်မာနိုင်ငံကို ခရီးမသွားဖို့ သူတို့ နိုင်ငံသားတွေကို အကြံပြုတာမျိုးတော့ မတွေ့ရပါဘူး။

ဒါပေမယ့်လည်း အဲဒီ ခရီးသည်တွေ အနေနဲ့ မျိုးနွယ်စုတစ်ခု ပစ်မှတ်ထား ခံနေရတဲ့ တိုင်းပြည်မျိုးကို အလည်အပတ် လာရောက်ရင် ကျင့်ဝတ်နဲ့ မလျော်ညီဘူး ဆိုပြီး ခံယူချက်နဲ့ ခရီးစဉ် ဖျက်တာမျိုး ဖြစ်နိုင်တယ်လို့ ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းထဲက တွက်ဆတာမျိုး ရှိပါတယ်။

လုံခြုံရေး ကြောင့်ကြလို့ မလာတာထက်၊ မြန်မာနိုင်ငံ အခြေအနေအပေါ် နားမလည်သူတချို့က ကျင့်ဝတ်ပိုင်း အမြင်နဲ့ ခရီးစဉ် ဖျက်တာမျိုးတွေ ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ မြန်မာ့ ခရီးသွား စျေးကွက်မြှင့်တင်ရေး အဖွဲ့ရဲ့ အတွင်းရေးမှူးဟောင်းလည်းဖြစ်၊ လက်ရှိ ခရီးသွား ကုမ္ပဏီ တစ်ခုကိုလည်း ဦးဆောင်နေသူ ဦးကျော်စွာမြင့်က ဘီဘီစီကို ပြောပါတယ်။

ဥရောပက ခရီးသည်တွေ ဝင်ရောက်တာ နည်းသွားနိုင်ပေမယ့်၊ အာရှ နိုင်ငံတွေက သူတွေတော့ ဝင်လာကြမြဲ ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့် နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ လေဆိပ်ဝင်ပေါက်တွေကနေ ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသွား တစ်သန်းခွဲ နီးပါး ရှိခဲ့ပြီး၊ နယ်စပ် ဝင်ပေါက် တွေကနေ ရောက်လာခဲ့သူတွေလည်း အဲဒီ ပမာဏ ဝန်းကျင် ရှိတဲ့ အတွက် ခရီးသွား ၃ သန်း ဝန်းကျင် ရှိခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။