NLD ဗဟိုအမျိုးသမီးအဖွဲ့ ကချင်စစ်ဘေးရှောင်စခန်းတွေကို ကူညီ

ဓာတ်ပုံ မူပိုင် UNICEF MYANMAR
Image caption အစားအသောက်၊ အနေအထိုင်အပြင် စိတ်ပိုင်းနဲ့ ခန္ဓာကိုယ် ကျန်မာရေး အစရှိတဲ့ လိုအပ်ချက်တွေ အများအပြားရှိနေ

ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ အစားအသောက်၊ အနေအထိုင် သာမက စိတ်နဲ့ ခန္ဓာကိုယ် ကျန်မာရေး အစရှိတဲ့ လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ NLD ဗဟိုအမျိုးသမီးအဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ဘီဘီစီကို ပြောပါတယ်။

NLD ဗဟိုအမျိုးသမီးအဖွဲ့ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး အောက်တိုဘာလ ၄ ရက် နေ့ကနေ ၈ ရက်နေ့အထိ ကချင်ပြည်နယ်မှာရှိတဲ့ မိုးညှင်း၊ မိုးကောင်းနဲ့ မြစ်ကြီးနားဒေသက စခန်း ၈ ခုကို စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ရှိနေပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က စစ်ဘေးရှောင် ဒုက္ခသည် တသိန်း ၂ သောင်းရှိရာကနေ ဒီနှစ်မှာ နောက်ထပ် ၁ သောင်းကျော် တိုးလာတယ်လို့လည်း ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ပြီး ငြိမ်းချမ်းရေး ရဖို့အတွက်ကတော့ အစိုးရတပ်မတော်နဲ့ တကယ်တမ်း တိုက်ခိုက်နေတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မပါမချင်း ဖြစ်လာဖို့ ခဲယဉ်းတယ်လို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့က ဒေါ်ခွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

NLD ပါတီအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထောက်အပံ့ဖြစ်စေဖို့အတွက် ကချင်ပြည်နယ်အပြင် ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် ကူညီပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုလို ကူညီရာမှာ အစိုးရအနေနဲ့ မဟုတ်ပဲ ပါတီအနေနဲ့ ကူညီ လှူဒါန်းတာဟာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆွယ်တာ ဖြစ်နိုင်တယ်ဆိုပြီး ကချင် လူမှုအဖွဲ့အစည်းတွေရဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ