နန်းယွန်းမြို့နယ်က စာသင်ကျောင်းမှာ ဆရာမရှိလို့ ကျောင်းပိတ်ထား

ဓာတ်ပုံ မူပိုင် Ke-Jung
Image caption နာဂဒေသ နန်းယွန်းမြို့နယ်ထဲက ကျေးရွာတရွာ

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် ကျေးရွာတရွာက စာသင်ကျောင်းမှာ စာသင်ကြားပေးဖို့ ဆရာဆရာမ မရှိတဲ့အတွက် စာသင်ကျောင်းပိတ်ထားရတာ ၂ လရှိပြီလို့ သိရပါတယ်။

ကျောင်းသား ကျောင်းသူ ၁၃၀ လောက် ပညာသင်ကြားနေတဲ့ ယန်နောနုတ်ညိုကျေးရွာက မူလတန်းလွန် စာသင်ကျောင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဆရာမရှိတဲ့အတွက် ကျောင်းပိတ်ထားရတာဖြစ်ပါတယ်။ အဲဒီစာသင်ကျောင်းမှာ မူလက ဆရာမ နှစ်ဦးရှိပြီး သူတို့ အခြားအရပ်မှာ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ဖို့ ပညာရေးဌာနက ညွှန်ကြားချက် ထွက်လာခဲ့ပြီးနောက် အဲဒီကျောင်းအတွက် ဆရာဆရာမ အစားထိုးပြန်မခန့်ပေးတာကြောင့် ကျောင်းပိတ်ထားရတာဖြစ်တယ်လို့ နန်းယွန်းမြို့နယ် မဲဆန္ဒနယ်က အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။

ကျောင်းပိတ်ထားတဲ့အတွက် ကျောင်းနေအရွယ် ကလေးတွေဟာ အိမ်တွေမှာပဲ ဒီအတိုင်းနေနေရတာဖြစ်ပါတယ်။

ကျေးရွာပေါင်း ၁၁၀ လောက်ရှိတဲ့ နာဂ ဒေသက နန်းယွန်းမြို့နယ်မှာ တကျောင်းကို ဆရာ ဆရာမ ၁ ယောက် ၂ ယောက်လောက်ပဲ ရှိတဲ့ စာသင်ကျောင်းတွေက အများစုဖြစ်ပြီး ပန်ဆောင်လို မြို့ပေါ်က စာသင်ကျောင်းမှာတောင် ပညာရေးဝန်ထမ်း တယောက်ပဲ ရှိတဲ့ စာသင်ကျောင်းလည်း ရှိနေတယ်လို့ ဦးစိမ်းမောင်က ပြောပါတယ်။

နာဂဒေသဘက်မှာ ပညာရေးဝန်ထမ်းတွေ သိပ်မရှိတာဟာ ဝန်ထမ်းတွေကပဲ မလာချင်သလား ဒါမှမဟုတ် အပြောင်းအရွှေ့အတွက် တာဝန်ရှိတဲ့ ပညာရေးဌာနက တာဝန်ရှိသူအချို့နဲ့ မလာချင်တဲ့ ဝန်ထမ်းတွေ အပေးအယူလုပ်ကြသလားဆိုတာတော့ သူနားမလည်နိုင်ဘူးလို့ ဦးစိမ်းမောင်က ဆိုပါတယ်။

ဒေသခံပြည်သူတွေနဲ့ တွေ့တိုင်း ဆရာဆရာမ အခက်အခဲဖြစ်မှုတွေကို တင်ပြတာတွေ မကြာခဏကြုံနေရတဲ့အတွက် ပညာရေးဌာန တာဝန်ရှိသူတွေဆီ မကြာခဏ တင်ပြပေမဲ့ အကြောင်းမထူးတာကြောင့် အခုတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဆီကို စာရောနှုတ်နဲ့ပါ တင်ပြဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။