ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက အမျိုးသမီး ပါဝင်နှုန်း အနည်းငယ်တိုး

Image caption မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ ဆွေးနွေး

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနဲ့ ပတ်သတ်ပြီးတော့ အမျိုးသမီးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာပါဝင်လှုပ်ရှားသူတွေဟာ အောက်တိုဘာ ၉ရက်နေ့က နိုဗိုတယ် ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ အရပ်ဖက်အဖွဲ့အစည်းတွေအကြား ဆွေးနွေးတိုင်ပင်တာတွေ လုပ်ခဲ့သလို အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာလဲ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေတာဖြစ်လို့ ငြိမ်းချမ်းရေး ကဏ္ဍမှာ အမျိုးသမီး ပါဝင်မှုဟာ ရာခိုင်နှုန်းအနည်းငယ် တိုးလာပီလို့ ဆိုရမှာဖြစ်ပါတယ်။

လက်တွေ့မှာ အမျိုးသမီးတွေ တောင်းဆိုတဲ့ အခန်းကဏ္ဍတွေမှာတော့ ပါဝင်ဖို့ ခက်ခဲနေသေးသလို လူမှုရေး အခန်းကဏ္ဍနဲ့ ပြန်လည်ထူထောင်ရေးမှာပဲ အမျိုးသမီးတွေ ပါဝင်နိုင်ခဲ့တယ်လို့အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုကွန်ယက် တည်ထောင်သူ မသန္တာဦး က ပြောပါတယ်။

စစ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်နှုန်းနည်းတယ်ဆိုပေမဲ့ တကယ်တမ်း တိုင်းရင်းသား အဖွဲ့တွေထဲမှာတော့ တိုက်ပွဲကာလတွေမှာ အမျိုးသမီးတွေ ပါဝင်ခဲ့သလို အခု ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ လဲ ပါဝင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်နှစ်တွေကထက်စာရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပါဝင်နှုန်းဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မြင့်လာပီ ပြောနိုင်ပေမဲ့ ဒီထက်ပိုပြီး ပါဝင်လာနိုင်ဖို့ မူချပြီး ကြိုးပမ်းသင့်တယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ ကြိုးပမ်းသူတွေက တိုက်တွန်းနေကြပါတယ်။