ARSA ဆိုတာ ဘယ်လို အဖွဲ့မျိုးလဲ

Image caption ရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေလည်း အာဆာ က လုပ်ခဲ့တာလို့ အစိုးရက ပြောကြားထား

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ရခိုင်မြောက်ပိုင်းကနေ ဒုက္ခသည်တွေ အလုံးလိုက် အရင်းလိုက် ဝင်လာပြန်တဲ့ အခု နောက်ဆုံး ဖြစ်ရပ်ဟာ ဩဂုတ်လ နှောင်းပိုင်း ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲ အင်မတန် ကြီးကြီးမားမား ရိုက်ခတ်လာတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့က၊ မြန်မာ နယ်ခြားစောင့် ကင်းစခန်း အခု ၃ဝ ဝန်းကျင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေ အုပ်စုဖွဲ့ ချိန်ကိုက် တိုက်ခိုက်လာပြီး၊ အဲဒီ အုပ်စုဟာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ဆိုပြီး နာမည် ခံယူထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ အာဏာပိုင်တွေကို အခုလို လက်နက်စွဲကိုင် တိုက်ခိုက်မှု အနှေးနဲ့အမြန် ပေါ်ပေါက် လာတော့မယ် ဆိုတဲ့ အချက်အပေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးကို စောင့်ကြည့်နေသူတွေ အားလုံး လိုလိုက သဘောပေါက် ထားကြတယ်လို့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်လာကြတဲ့ ဒုက္ခသည်တွေ၊ အဲဒီ ARSA အဖွဲ့နဲ့ ပတ်သက်နေသူ တွေနဲ့ စကားပြောရတဲ့ အခါ၊ ARSA အဖွဲ့က ရိုဟင်ဂျာတွေ အရေး ဘယ်လို လုပ်ဆောင်မယ် ဆိုပြီး နည်းလမ်းတွေ ဗျူဟာတွေ ချထားတာမျိုး စနစ်တကျ မရှိလှသလို၊ အဲဒီ အဖွဲ့ကို လူ အားလုံးကလည်း ထောက်ခံတာမျိုး မဟုတ်ဘူးလို့ ဂျွန်နသန် ဟက်ဒ်က ပြောပါတယ်။

မြန်မာ အာဏာပိုင်တွေဘက်က ထုတ်ပြန်ချက်တွေကို ကြည့်ရင်လည်း ARSA အဖွဲ့ဝင် အများစု ကိုင်ဆောင်ထားတယ် ဆိုတဲ့ လက်နက်တွေဟာ ဓားနဲ့ ဝါးချွန်လိုမျိုး အရာတွေ ဖြစ်တယ်လို့ ဘီဘီစီ အာရှ ရေးရာ ထောက် က ပြောပါတယ်။

စပြီး အတိုက်ခံခဲ့ရတာ အလယ်သံကျော် ရွာက ရဲစခန်းဖြစ်ပြီး၊ လူအင်အား အများဆုံး သုံးပြီး တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။နောက်ပိုင်း အဲဒီ နေရာကို မြန်မာ အစိုးရက စာနယ်ဇင်း သမားတွေကို ခေါ်ပြတော့ တိုက်ခိုက်မှု မဖြစ်ခင် တစ်ညကြိုပြီး သတင်းတွေရထား ခဲ့တယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ကို သိန်းနဲ့ချီတဲ့ လူတွေ ထွက်ပြေး

အလယ်သံကျော်ကို လူ ၅ဝဝ ဝန်းကျင် ရှိတဲ့ အုပ်စု နှစ်စု ခွဲပြီး ကမ်းစပ်ဘက်ကနေ မနက် ၄ နာရီထိုး အချိန် တိုက်ခိုက်လာတာ ဖြစ်ပြီး၊ ကမ်းခြေနားက အိမ်မှာ နေတဲ့ လူဝင်မှု အရာရှိ တစ်ယောက် အသတ် ခံခဲ့ရပါတယ်။တိုက်ခိုက်လာသူတွေကို ရဲတွေက မောင်းပြန်သေနတ်တွေနဲ့ တွန်းလှန် နိုင်ခဲ့ပြီး အလောင်း ၁၇ လောင်း ကျန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည် တစ်ယောက်ကို ရခိုင်ကနေ ဘာလို့ ပြေးလာရတာလဲ ဂျွန်နသန်ဟက်ဒ်က မေးတဲ့ အခါ၊ အဲဒီသူက ARSA တွေကို အပြစ်တင်ပါတယ်။တိုက်ခိုက်မှုထဲ ပူးပေါင်း ပါဝင်ဖို့ ARSA တွေ က သူ့ရွာကို စည်းရုံးတယ်၊ ရွာက လူငယ်တွေကို ဓားတွေ ပေးပြီး ရွာနားက ရဲကင်းကို အတိုက်ခိုင်း တယ်၊ ရိက္ခာအတွက် နွားတွေ ဆိတ်တွေလည်း ယူသွားကြတယ်လို့ ဆိုပါ တယ်။

သူ့ရွာက လူငယ် ၂၅ ယောက်လောက် အာဆာ အဖွဲ့ခိုင်းတဲ့ အတိုင်းလုပ်ပြီး အများစု သေကုန်ကြတယ်၊ ARSA က ဘာမှ ကူတာမျိုး မရှိဘူး လို့လည်း အဲဒီ ဒုက္ခသည်က ပြောပါတယ်။တခါ၊ ARSA ထဲ ရောက်နေတာ ၄ နှစ်လောက် ရှိနေပြီ ဖြစ်တဲ့ လူငယ် တစ်ယောက်နဲ့လည်း ဘင်္ဂလားဒေ့ရှ်မှာ ဂျွန်နသန်ဟက်ဒ် တွေ့ခဲ့ပါတယ်။အဲဒီ လူငယ်ဟာ အခုမှ အသက် ၂ဝ ပဲ ရှိပါသေးတယ်။

အာဆာ အဖွဲ့ ခေါင်းဆောင် အာတာအူလ္လာ သူ့ရွာကို ၂ဝ၁၃ တုန်းက ရောက်လာပြီး လက်နက်စွဲကိုင် တိုက်ခိုက်ဖို့ အချိန် တန်ပြီလို့ သိမ်းသွင်းခဲ့ပုံကို အဲဒီလူငယ်က ပြန်ပြောင်း ပြောပါတယ်။တစ်ရွာကနေ လူ ၅ ယောက်ကနေ ၁ဝ ယောက် အထိ ပေးရမယ်လို့ အာတာအူလ္လာ ဆင့်ခေါ်တယ်၊ ရလာတဲ့ လူတွေကို တောတောင်တွေထဲ ခေါ်သွားတယ်၊ အင်ဂျင်အဟောင်းက ပစ္စတင်တွေကို သုံးပြီး ဗုံးလုပ်နည်းတွေ သင်ပေးတယ်လို့ ဆိုပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းများ

နောက်တစ်ယောက်ပြောတာကလည်း သူ့ရွာမှာ ARSA အဖွဲ့ဝင်တွေ လှည့်ပြီး ကြည့်လေ့ရှိတယ်၊ လူတိုင်းကို ပလီတက်စေတယ်၊ ဒါပေမယ့် လည်း အဲဒီ ARSA တွေမှာ သေနတ်တော့ မရှိဘူးလို့ ပြောပါတယ်။မြန်မာ စစ်သားတွေကို ဓားတွေ ဝါးချွန်တွေ ကိုင်စွဲပြီး ARSA တွေ ဝင်တိုက်ခဲ့ပုံကို ပြောပြသူ တစ်ယောက်ကတော့ ARSA တွေ ဘက်က လူတွေ အများကြီး သေကုန်ကြတဲ့နောက်၊ မိသားစုကိုပါ ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး လာခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးက အာရုံစိုက်လာအောင် တိုက်ခိုက်ခဲ့တာလို့ အဲဒီ ARSA အဖွဲ့ဝင်က ပြောပါတယ်။အဖွဲ့ ခေါင်းဆောင် အာတာအူလ္လာဟာ ပါကစ္စတန်မှာ မွေးတဲ့ ရိုဟင်ဂျာလို့ နားလည်ထားရပြီး တခြား အစ္စလာမ်မစ် အုပ်စုတွေ အပေါ်မှာလည်း အယုံအကြည် မထားတဲ့သူ အဖြစ် သိထားရပါတယ်။

အခုအချိန်ထိလည်း အစ္စလာမ်မစ် အဖွဲ့တွေဆီကနေ အကူအညီ တောင်းတာမျိုး မရှိသေးပဲ၊ အာဆာ လှုပ်ရှားမှုဟာ ရိုဟင်ဂျာ လူမျိုး အရေးသာ ဦးတည် လုပ်ဆောင်တာ ဖြစ်တယ်လို့ ရှင်းအောင် ပြောထားတယ် ဆိုပြီး ဘန်ကောက် အခြေစိုက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူ အန်သိုနီ ဒေးဗစ်က သုံးသပ်ထားပါတယ်။

ARSA အဖွဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ သဘောထား အပေါ် အများကြီး မူတည်နေတယ်၊ သူတို့ဘက် လုံးဝ အဝင် မခံတာမျိုး လုပ်ချင်လုပ်၊ ဒါမှမဟုတ် တခြား အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေနဲ့ ချိတ်ဆက်မိမှာ မလိုလားလို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတွေက စားရေး သောက်ရေး အခြေခံ လိုအပ်ချက်မျိုးတွေ ဖြည့်ပေးတာမျိုးလည်း လုပ်လာနိုင်တယ်လို့လည်း အန်သိုနီ ဒေးဗစ်က ဆိုပါတယ်။

ဒါဟာ ၂ နိုင်ငံ နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့ရှိတဲ့ နေရာတိုင်း ထောက်လှမ်းရေး အဖွဲ့တွေက လုပ်လေ့ ရှိတဲ့ ပုံစံမျိုးပဲလို့ အန်သိုနီ ဒေးဗစ်ကတော့ သုံးသပ် ထားပါတယ်။