နတ်မြစ်ထဲ လှေမှောက်ပြီး အနည်းဆုံး လူ ၁ဝ ဦး သေဆုံး

Image caption ထွက်ပြေးသူတွေ ဆက်လက် ရှိနေ

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေ မှောက်သွားလို့ အနည်းဆုံး လူ ၁ဝ ယောက် သေဆုံး ပြီး အတော်များများ ပျောက်ဆုံးနေပါတယ်။

လှေနဲ့မမျှ လူတွေ ပြွတ်သိပ် လိုက်ပါလာတဲ့ တံငါလှေ နတ်မြစ်ထဲ ချာပူရီ ကျွန်းနီးမှာ နစ်မြုပ်သွားတာ ဖြစ်ပါတယ်။

သေဆုံးကြောင်း အတည်ပြုနိုင်တဲ့ ၁ဝ ယောက်ထဲ ကလေးငယ် ၄ ဦး အနည်းဆုံး ပါဝင် နေပါတယ်။

ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးကြရင်းသား အခုလို လှေမှောက်ပြီး သေဆုံး ရတာမျိုးတွေ ဆက်တိုက် ဆိုသလို ဖြစ်လာ နေပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက် လာခဲ့အပြီး ၊ ရိုဟင်ဂျာ ၅ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

အခုရက်ပိုင်းတွေ အထိလည်း ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်လာသူ ဆက်လက် ရှိနေသေးသလို၊ မြန်မာဘက်ခြမ်းမှာလည်း နယ်စပ်ဖြတ်ကျော်ဖို့ စောင့်ဆိုင်းနေသူတွေ အများအပြား ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်း ၊ အလယ်သံကျော် ပင်လယ်ကမ်းခြေမှာ ရောက်ရှိနေတဲ့ လူပေါင်း ၆ဝဝ ကျော်ကို မြန်မာ အာဏာပိုင်တွေဘက်က လုံခြုံရေးနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်လို့ အလယ်သံကျော် အုပ်ချုပ်ရေးမှူက ဘီဘီစီကို ပြောပါတယ်။