ကုလ လက်ထောက် အတွင်းရေးမှူးချုပ် ရခိုင် ကို သွားရောက်

ဓာတ်ပုံ မူပိုင် EPA
Image caption သက္ကယ်ပြင်ကျေးရွာက မွတ်ဆလင်တွေနဲ့ မစ္စတာ ဂျက်ဖရီ ဖဲလ်မန် တွေ့ဆုံမေးမြန်း

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီ ဖဲလ်မန်ဟာ ဒီကနေ့ အောက်တိုဘာလ ၁၇ရက်နေ့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပြီး အဲဒီနောက်မှာတော့ ရသေ့တောင်မြို့နယ်က အနောက်ပြင် မွတ်ဆလင်ကျေးရွာ၊ မောင်တောမြို့နယ်က ပန်းတောပြင်၊ ငခူရနဲ့ ရွှေရင်အေး ကျေးရွာတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေမှာ ဘယ်လို ပါဝင်ကူညီ ရမလဲဆိုတာ ဆွေးနွေးဖို့ အခုလို လာရောက်တာလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေး၊ လက်ခံရေး ကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေမျိုးနဲ့ပတ်သက်လို့တော့ ဗဟို အစိုးရနဲ့ ဆွေးနွေးထားပြီး ဖြစ်တဲ့အတွက် ဒီရခိုင်ခရီးစဉ်မှာ ဆွေးနွေးတာမျိုး မရှိဘူးလို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ထောင်ပေါင်းများစွာကို စိစစ်မှုတွေ အမြန် လုပ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည်တွေကို လုံခြုံစိတ်ချရတဲ့ ကုန်းတွင်းပိုင်း နေရာဘက်ကို ရွှေ့ပြောင်းပေးပြီး သူတို့ကို ပိုမိုကောင်းမွန်တဲ့ အခြေအနေမှာ ထားရှိဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂ အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒုက္ခသည် အများအပြားဟာ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရပဲ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

သြဂုတ်လကုန်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့သူ ရိုဟင်ဂျာ ၅သိန်း ၈သောင်းကျော်လောက် ရှိတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။