ဦးဖြိုးကိုကိုတင့်ဆန်းအမှု လူ ၁၂ ဦးဖမ်းထား

Image caption ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းနဲ့ ရုံးခန်းတွေမှာ လက်နက်တွေ ထပ်မံ သိမ်းဆည်းမိ

နေပြည်တော် လေဆိပ်မှာ လက်နက် နဲ့ မူးယစ်ဆေးဝါး တချို့ကို လက်ဝယ် တွေ့ရှိပြီး အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ဦးဖြိုးကိုကို တင့်ဆန်း အမှု နဲ့ ဆက်စပ်ပြီး လူ ၁၂ ယောက်ကို ဖမ်းဆီး ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။

နေပြည်တော် ရဲတပ်ဖွဲ့တော့ နောက်ထပ် လူ ၂၀ လောက် ကိုလည်း ခေါ်ယူ စစ်ဆေး နေတယ်လို့ ပြောပါတယ်။

အားကစား ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သား ဦးဖြိုးကိုကို တင့်ဆန်း အပါအဝင် ဖမ်းဆီး ခံရသူတွေထဲက တချို့ကိုလည်း နေပြည်တော် လယ်ဝေးနဲ့ ဒက္ခိဏ သီရိ မြို့နယ် တရားရုံး တွေမှာ ရုံးထုတ်ပြီး ရမန် ယူခဲ့ပါတယ်။

စစ်ဆေးနေသူ အားလုံးဟာ ဦးဖြိုးကိုကို တင့်ဆန်းရဲ့ အမျိုးသမီး အပါအဝင် သူပိုင်ဆိုင်တဲ့ နေပြည်တော် အေစီအီး ဟိုတယ် နဲ့ ကုမ္ပဏီက ဝန်ထမ်းတွေ ဖြစ်တယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့က ရဲမှုးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ဦးဖြိုးကိုကို တင့်ဆန်း ကိုလည်း နေပြည်တော်မှာပဲ ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်း ပိုင် နေပြည်တော်က အေစီးအီး ဟိုတယ်၊ နေအိမ်တွေ၊ ရန်ကုန်က အေစီးအီး ကုမ္ပဏီလုပ်ငန်းစု နဲ့ ရွှေတောင်ကြား ထဲက နေအိမ်ကိုလည်း ရဲတွေက ဝင်ရောက် ရှာဖွေခဲ့ကြ ရာမှာ လက်နက် ၂၁ လက် နဲ့ ကျည်ဆံတွေ၊ စနိုက်ပါ မှန်ပြောင်းတွေ၊ National Security Council အထူးတပ်ဖွဲ့ အမှတ်တံဆိပ် ပါတဲ့ ဝတ်စုံတွေနဲ့ ကျည်ကာအကျီၤတွေ အပြင် မူးယစ်ဆေးဝါး တချို့ကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့ကို မူးယစ်ဆေးဝါးမှု၊ လက်နက်ကိုင်ဆောင်မှု ပုဒ်မတွေနဲ့ တရားစွဲဆိုဖို့ ရှိတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့က ရဲမှုး ဝင်းမြင့်က ပြောပါတယ်။

ရန်ကုန်မှာ ရှိတဲ့ ဦးဖြိုးကိုကို တင့်ဆန်းရဲ့ အေစီးအီ လုပ်ငန်းစု ကုမ္ပဏီနဲ့ ရွှေတောင်ကြားထဲက နေအိမ်မှာ လက်နက် နဲ့ မူးယစ်ဆေးဝါး တချို့ သိမ်းမိခဲ့ တာကြောင့် သူ့ကို မူးယစ်ဆေးဝါး အမှု အပြင် တရားမဝင် လက်နက်ကိုင်ဆောင်မှု ဆက်စပ်တဲ့ ပုဒ်မတွေနဲ့ သာကေတနဲ့ ဗဟန်း ရဲစခန်းတို့မှာ အမှုဖွင့် ထားတယ်လို့ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ပြောပါတယ်။