ပုဂံဘုရားအဝ ကွန်ကရစ်လမ်းခင်းမှု ကန့်ကွက်

ဓာတ်ပုံ မူပိုင် Thein Lwin
Image caption အာနန္ဒာဘုရားရဲ့ တောင်ဘက်အဝင်လမ်းကို ကွန်ကရစ်လမ်းခင်းနေ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက အထင်ကရ ဖြစ်တဲ့ အာနန္ဒာဘုရားရဲ့ တောင်ဘက် အဝင်လမ်းကို ကွန်ကရစ်လမ်းခင်း နေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

ဒေသခံတွေက အောက်တိုဘာ ၁၆ရက် နေ့မှာ ဘုရားဂေါပကအဖွဲ့ကို သွားရောက် တွေ့ဆုံမေးမြန်းပြီး ကန့်ကွက်ခဲ့ကြတာပါ။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်ထားတော့ ဒီလို ကွန်ကရစ်လမ်းခင်းတာတွေက ကသိကအောက် ဖြစ်လာနိုင်မလား သွားကန့်ကွက်ကြတာ ဖြစ်တယ်လို့ ပုဂံဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်နုက ဘီဘီစီကို ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ လုပ်ဆောင်နေတာဟာ အခုဆိုရင် ပထမမူကြမ်း တင်ပြီးသွားတဲ့အဆင့်ကို ရောက်နေပါပြီ။ လာမယ့်နှစ် ဖေဖော်ဝါရီလဆန်း အတွင်းမှာ အပြီးသတ် တင်သွင်းနိုင်ဖို့ လည်း လုပ်ဆောင်နေပါတယ်။

UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှု စံနှုန်းအရတော့ ရှေးဟောင်း အဆောက်အအုံရဲ့ ပတ်ဝန်းကျင်မှာ ဒီလို ကွန်ကရစ်လမ်းတွေ ဖောက်ဖို့ ခွင့်မပြုဘူးလို့ ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်တဲ့ နော်မီနေးရှင်း ဒေါ်ဖီရာ ရဲ့ အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာသိန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုလုပ်ရပ်ကြောင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့ အခက်တွေ့စေနိုင်သလို ကွန်ကရစ်လမ်းပေါ် ကားကြီးတွေ ပေးဖြတ်မယ် ဆိုရင်လည်း တုန်ခါမှုတွေ ပိုမိုများပြား လာလိမ့်မယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်(ယူနက်စကို) စာရင်းဝင်နိုင်ဖို့ ၁၉၉၆ မှာ တစ်ကြိမ် ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရဖူးပါတယ်။

ကွန်ကရစ်ခင်းတဲ့ကိစ္စဟာ ခရိုင်အုပ်ချုပ်ရေးဘက်က လုပ်တာဖြစ်ပြီး ဌာနအနေနဲ့ မသိတဲ့အတွက် ဖြစ်သွား ရတာလို့ ပုဂံယဉ်ကျေးမှု ဒေသရဲ့ ရှေးဟောင်း သုတေသန ဌာန၊ ပုဂံဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးအောင်ကျော်ကျော်က ဘီဘီစီကို ပြောပါတယ်။

ပြန်လည်ဖယ်ရှားဖို့ ညှိနှိုင်းထားပြီး ဖြစ်တယ်လို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ပုဂံယဉ်ကျေးမှုဒေသမှာရှိတဲ့ စေတီပုထိုးတွေကို မဆင်မခြင် ထုံးသုတ်ခဲ့တာတွေကြောင့်လည်း ရှေးခေတ် လက်ရာ နံရံဆေးရေးပန်းချီ တွေကွယ်ပျောက်ခဲ့ရပါတယ်၊ ဒါကို အိန္ဒိယနိုင်ငံရဲ့ အကူညီနဲ့ အတွင်းက ထုံးရည်သုတ် ထားတာတွေ ကို ပြန်လည်ဖယ်ရှား ရာမှာတော့ အမေရိကန်ဒေါ်လာ ၃သန်းဝန်းကျင် ကုန်ကျ ခဲ့တယ်လို့သိရပါတယ်။

ဒီလို မဆင်မခြင် လုပ်တာတွေကြောင့် ရှေးလက်ရာ အများအပြားကို ဆုံးရှုံးခဲ့ရဖူးသလို အချိန်မီ မထိန်းသိမ်းနိုင်ရင် နောက်ထပ် ဆုံးရှုံးမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတယ် လို့သိရပါတယ်။

အာနန္ဒာ ဘုရားဟာ ပုဂံဒေသရဲ့ အထင်ကရ ဘုရားပုထိုးတွေထဲမှာ အနုစိတ် လက်ရာ အကျော်ကြားဆုံး ဘုရားတဆူ လည်း ဖြစ်ပါတယ်။