ဦးဖြိုးကိုကိုတင့်ဆန်းကို အမှု ၃ ခု ထပ်တိုး

ဓာတ်ပုံ မူပိုင် MOI
Image caption နေပြည်တော် ဟိုတယ်ကနေ သိမ်းဆည်းရမိတဲ့ ပစ္စည်းများ

နေပြည်တော် လေဆိပ်မှာ လက်နက်တွေ နဲ့ ဖမ်းဆီး ရမိခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အပေါင်းအပါ တွေကို နောက်ထပ် ပြစ်မှု သုံး ခု ထပ်တိုးပြီး စစ်ဆေး နေပါတယ်။

အရင်အစိုးရ လက်ထက်က ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကို တင့်ဆန်းနဲ့ အပေါင်းအပါ တွေကို မြန်မာနိုင်ငံ လျှို့ဝှက် ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး စက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေနဲ့ အမှု ထပ်မံ ဖွင့်ထားတယ်လို ဒက္ခိဏ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှရီက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီး ရမိတဲ့ကားတွေ ကိုလည်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန နဲ့ တိုက်ဆိုင်ပြီး စစ်ဆေး နေတယ်လို့ သူကပြောပါတယ်။

လေဆိပ်မှာ တနင်္ဂနွေ နေ့က လက်နက်တွေနဲ့ စတင်ဖမ်းမိခဲ့စဉ်က ဦးဖြိုးကိုကို တင့်ဆန်း နဲ့ အပေါင်း အပါ တွေကို မူးယစ်ဆေးဝါးမှု၊ လက်နက် ကိုင်ဆောင်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ တွေနဲ့ အမှု ဖွင့် စစ်ဆေး နေတာ ဖြစ်ပါတယ်။

လက်နက်တွေကို ဘာကြောင့် စုဆောင်းထားတယ် ဆိုတာနဲ့ ပတ်သက်လို့တော့ စစ်ဆေးဆဲ ဖြစ်ပြီး အဲဒီ လက်နက် တွေကို မြဝတီဘက်ကနေ သွင်းလာတာ ဖြစ်နိုင်တယ်လို့ အမှုစစ်အဖွဲ့တွေဆီက ကြားရကြောင်းလည်း ဒုတိယ ရဲမှူးကြီး လှရီက ပြောပါတယ်။