ရခိုင် ပြည်နယ်မှာ NVC ကဒ် ထုတ်ပေး

ဓာတ်ပုံ မူပိုင် AFP
Image caption လဝက ပြည်နယ် ဦးစီးမှူး ဦးဆောင်ပြီး NVC ကဒ် ထုတ်ပေးမှု ကို ကွင်းဆင်း ဆောင်ရွက်

ရခိုင် ဒေသမှာ နိုင်ငံသား ဖြစ်ဖို့ စိစစ်ရေး ဆောင်ရွက်မဲ့ National Verification Card ထုတ်ပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက် နေပါတယ်။

ဒီလို ကဒ် ထုတ်ပေးခြင်း အားဖြင့် ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေး သွားတဲ့ ဒုက္ခသည် တွေ ပြန်လည် လက်ခံရေး ကို များစွာ အထောက်အကူ ပြု နိုင်မှာ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

လောလောဆယ်မှာ ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တဲ့ မောင်တော ဒေသ က ကျေးရွာ သုံးရွာမှာ လဝက ပြည်နယ် ဦးစီးမှူး ဦးဆောင်ပြီး NVC ကဒ် ထုတ်ပေးမှု ကို ကွင်းဆင်း ဆောင်ရွက်နေပါတယ်။

ရခိုင် ပြည်နယ် အပြင် မြန်မာနိုင်ငံ နယ်စပ် မှာ သက်သေ အထောက် အထား မရှိဘဲ နေထိုင်နေသူတွေကို NVC ကဒ် ထုတ်ပေးတဲ့ လုပ်ငန်း ကို ဆောင်ရွက် သွားမယ်လို့ အမြဲတမ်း အတွင်းဝန် က ပြောပါတယ်။

အရင် အစိုးရ လက်ထက် က ထုတ်ပေးခဲ့တဲ့ ဝှိုက်ကဒ် တွေကို ပြန်လည် သိမ်းယူ ပြီး ကဒ် ထုတ်ပေးခဲ့ ကြောင်း အထောက်အထား ရှိတဲ့ လူတွေကိုသာ ထုတ်ပေးတာ ဖြစ်ပါတယ်။

NVC ကဒ် ကို ကိုင်ဆောင်ထားသူ ဖြစ်မှ မြန်မာ နိုင်ငံထဲမှာ တရားဝင် နေထိုင်သူ အဖြစ် သတ်မှတ်ပြီး နိုင်ငံသား စိစစ်ရေး လုပ်ငန်းကို ဆက်လက် ဆောင်ရွက် နိုင်မယ်လို့ လဝက တာဝန်ရှိသူ က ပြောပါတယ်။

အရင် အစိုးရ လက်ထက်မှာ လူမျိုး ဘင်္ဂါလီ လို့ ထည့်ရမယ်ဆိုတာကြောင့် ဒေသခံ တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အခု ထုတ်ပေးနေတဲ့ NVC ကဒ်မှာ လူမျိုး၊ ဘာသာ ဆိုတာကို ထည့်သွင်း ရေးသားခြင်း မရှိဘဲ၊ အမည်၊ မွေးသက္ကရာဇ် နဲ့ အဘ အမည်တွေကိုသာ ထည့်သွင်း ရေးသား မယ်လို့ သိရပါတယ်။

ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားတဲ့ လူတွေကို ပြန်လည် လက်ခံဖို့ အတွက် အခု NVC ကဒ် ထုတ်ပေး နေမှု က အထောက်အကူ ပြု နိုင်မယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။

ထွက်ပြေးသွားတဲ့ လူတွေ ထဲမှာ ဝှိုက်ကဒ် ထုတ်ပေးခဲ့တဲ့ အထောက်အထား၊ NVC ကဒ် ထုတ်ပေး ခဲ့တဲ့ အထောက်အထား တွေ ပြ နိုင်တဲ့လူတွေကိုလည်း လက်ရှိ ဆောင်ရွက် နေတဲ့ NVC ကဒ် ကို ထုတ်ပေးသွားမယ်လို့ သူက ဆိုပါတယ်။

NVC ကဒ် ထုတ်ယူပြီးရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ် သတ်မှတ်ပြီး ပြန်ပို့နိုင်တယ် ဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်တွေ ရှိနေပြီး ဒေသခံ တွေက စိုးရိမ်နေကြပေမယ့် ဒါက အစိုးရရဲ့ လုပ်ငန်းစဉ်ကို မလိုလားသူ တွေရဲ့ ထုတ်ပြန်ချက်တွေ ဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောကြား သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဝိုက်ကဒ် ခေါ် ယာယီ သက်သေခံ လက်မှတ် ပြန်လည် အပ်နှံထားသူ လေးသိန်းကျော် ရှိပြီး NVC ကဒ် ထုတ်ပေးမှုကတော့ ခြောက်ထောင်ကျော်ခန့် ရှိပါတယ်။