မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းကို ကန်နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်

Image caption နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေကို ဝင်ခွင့်ပေးဖို့ အမေရိကန် အစိုးရက တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ရက်ဇ် တေလာဆင်က ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် ခေါင်းဆောင်တွေမှာ တာဝန် ရှိတယ်လို့လည်း ဝန်ကြီး တေလာဆင်က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အရပ်သား ဦးဆောင်တဲ့ မြန်မာ အစိုးရကို လက်တွေ့အရ ခေါင်းဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သူ အဆက်အသွယ် ရှိနေတယ်လို့ မစ္စတာ တေလာဆင်က ဆိုပါတယ်။

အရပ်သား အစိုးရ ဆိုပေမယ့် တိုင်းပြည်အာဏာကို စစ်တပ်နဲ့ကြား မျှဝေ ရယူ ထားရတာ ဖြစ်ပြီး၊ ရိုဟင်ဂျာတွေ နေထိုင်ရာ အရပ်တွေမှာ ဖြစ်ခဲ့တာတွေ အတွက် စစ်တပ် ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိတယ်လို့ အမေရိကန် အနေနဲ့ ယူဆကြောင်း ဝန်ကြီး တေလာဆင်က ပြောပါတယ်။

ရိုဟင်ဂျာတွေ နေထိုင်ရာ အရပ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရက်စက်မှုတွေ အတွက် ကမ္ဘာကြီးက လက်ပိုက်ကြည့်နေလို့ မရနိုင်တော့ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဝါရှင်တန် စင်တာ၊ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ပညာရှင်အဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

မြန်မာ အစိုးရ အနေနဲ့ အကြမ်းဖက် လက်နက်ကိုင် တိုက်ခိုက်သူတွေ ရှိနေတဲ့ ပြဿနာကို ဖြေရှင်း နေရတယ်ဆိုတဲ့ အချက်အပေါ် နားလည်ပေမယ့် ဖြေရှင်းရာမှာ စည်းစနစ်တကျ ထိန်းချုပ် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ လည်း ဝန်ကြီး တေလာဆင်က ပြောပါတယ်။

Image caption ရိုဟ်ဂျာတွေ နတ်မြစ်ကို ဆက်လက် ဖြတ်ကျော်နေ

ရိုဟင်ဂျာတွေ ရှိတဲ့ အရပ်မှာ လတ်တလော အရေးတကြီး အလိုအပ်ဆုံး ဖြစ်နေတဲ့ လူသားချင်း စာနာ နားလည်မှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေကို ဝင်ခွင့်ပေးဖို့ အမေရိကန် အစိုးရက တိုက်တွန်းတယ်လို့ ဝန်ကြီး တေလာဆင်က ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက် ထွက်ခွာ နေကြဆဲ ဖြစ်တာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ ညကစလို့ အခု သီတင်းပတ် အတွင်း အန်ဂျူမန် ပါရာ နယ်ခြား ဝင်ပေါက်ကနေ ရောက်လာကြသူတွေ တစ်သောင်းကနေ တစ်သောင်းခွဲကြား ရှိတယ်လို့ ကုလသမဂ္ဂ အရာရှိ တစ်ယောက်က ပြောပါတယ်။

ဝင်ရောက်လာကြသူ အများစုဟာ သီတင်းတစ်ပတ် လောက် ခြေကျင်ခရီး လျှောက်လာခဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။