ဗဟိုဘဏ်က ငွေချေး စာချုပ်တွေ ထုတ်ရောင်းမယ်

Image caption ဗဟိုဘဏ်က ငွေချေး စာချုပ်တွေ ထုရောင်း

မြန်မာနိုင်ငံ အစိုးရဟာ ဘတ်ဂျက် အသုံးစားရိတ် ကျပ်ငွေ ဘီလီယံ လေးထောင် လိုငွေ ပြနေတဲ့ အတွက် ဖြေရှင်း နိုင်ဖို့ ကြိုးစား နေရပါတယ်။

ဒီဘက်ဂျက်လိုငွေနဲ့ ပတ်သတ်ပြီး သမ္မတက လွှတ်တော်ကို သဝဏ်လွှာပို့ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်ဝင်းက အောက်တိုဘာလ ၁၇ရက်နေ့က လွှတ်တော်ကို လာရောက် တင်ပြခဲ့ပါတယ်။

လိုငွေပြနေတဲ့ ပမာဏ ဘီလီယံ လေးထောင် ကို ၄ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်း ဆိုပြီး ၃ ပိုင်း ခွဲကာ ၄ဝ ရာခိုင်နှုန်း ဖြစ်တဲ့ ဘီလီယံ တစ်ထောင့်ခြောက်ရာကို ကာလတို ချေးယူတဲ့ ငွေတိုက်စာချုပ် အဖြစ် ဗဟိုဘဏ်က အများ ပြည်သူကို ထုတ်ရောင်းမှာ ဖြစ်ပါတယ်။

နောက် ၃ဝ ရာခိုင်းနှုန်း နဲ့ ညီတဲ့ ဘီလီယံ တစ်ထောင့်နှစ်ရာဖိုးကိုလည်း ကာလရှည် ဘွန်း စာချုပ်တွေ အဖြစ် ထုတ်ရောင်းလိမ့်မယ်လို့ ပြည်သူ့လွှတ်တော်က ဖွဲ့ထားတဲ့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဆိပ်ကြီးခနောင်တို အမတ် ဦးတင်ထွန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဗဟိုဘဏ် ငွေကြေး စာချုပ်တွေကို ဝယ်ယူသူတွေ အနေနဲ့ ဗဟိုဘဏ်က နေ အတိုးရရှိမှာ ဖြစ်ပြီး၊ ဆိုလိုတာကတော့ ဘတ်ဂျက် လိုငွေ စုစုပေါင်း ၇ဝ% အထိကို အများပြည်သူဆီကနေ အစိုးရက ငွေချေးယူတာပဲ ဖြစ်ပါတယ်။

ကျန်တဲ့ လိုငွေ ၃ဝ% ကိုတော့ ဗဟိုဘဏ်က သူတို့ရဲ့ အရံလျာထားငွေထဲကနေ ထုတ်ချေးမှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က ငွေစက္ကူ အသစ်တွေ ရိုက်မထုတ်ပဲ ဘတ်ဂျက်လိုငွေကို အခုလို ဖြေရှင်းဖို့ စီစဉ်တဲ့ အပေါ် ကြိုဆိုကြသူတွေ ရှိပါတယ်။

ငွေစက္ကူ အသစ်တွေရိုက်ပြီး ဖြေရှင်းခဲ့တဲ့ အရင် ခေတ်တွေတုန်းက ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်း မြင့်လာတဲ့ ဒဏ်ကို ပြည်သူ အများ ခါးစည်းခံရတဲ့ အတွက် အခုလို ငွေကြေး စာချုပ်တွေ ထုတ်ရောင်းတဲ့ နည်းလမ်းဟာ ပိုမို ကောင်းမွန်တယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။