အိန္ဒိယနဲ့ အမေရိကန် ဗျုဟာမြောက်ဆက်ဆံရေး ထူထောင်မယ်

Image caption ရာစုနှစ်အတွက် ဗျူဟာမြောက် ဆက်ဆံရေး ထားရှိမယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆင်က လာမယ့်နှစ်တွေ အတွင်း အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ အကြား မဟာဗျုဟာမြောက် ဆက်ဆံရေး ထားရှိဖို့ သူ့ရဲ့ ရည်မှန်းချက် တွေကို ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ပညာရှင် အဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ချပြလာပါတယ်။

ဘေဂျင်းမြို့တော်မှာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်စ် ကျင်းပနေချိန်၊ သမ္မတ ရှီကျင်းပင်က တရုတ်နိုင်ငံဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံဖြစ်လာတဲ့ ခေတ်သစ်ကို ရောက်ပြီလို့ ကြေညာနေချိန် မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကတော့ တရုတ်အစိုးရဟာ နိုင်ငံတကာ သဘောတူမှုတွေကို မလိုက်နာတဲ့ အစိုးရလို့ တောင်တရုတ် ပင်လယ်အရေး ရည်ညွှန်း ပြောဆိုပြီး ပြစ်တင် ရှုတ်ချပါတယ်။

တရုတ် အစိုးရကို ဝေဖန်သလို တချိန်တည်းမှာပဲ အာရှတိုက်မှာ တရုတ်နဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိယဘက် တိမ်းညွတ်တဲ့ စကားတွေကို မစ္စတာ တေလာဆင် ပြောလာတာပါ။

အမေရိကန်နဲ့ အိန္ဒိယ ဒီမိုကရေစီ နိုင်ငံကြီး နှစ်ခု အတွက်သာမက တခြား အချုပ်အခြာပိုင် နိုင်ငံတွေ အတွက်ပါ တည်ငြိမ် အေးချမ်းမှု ရရှိနိုင်ရေး အတွက် လက်တွဲ လုပ်ဆောင်ကြဖို့ သမ္မတထရမ့်နဲ့ သမ္မတမိုဒီတို့ စိတ်ပိုင်းဖြတ် ထားကြတယ်လို့ မစ္စတာ တေလာဆင် ပြောသွားတာပါ။

အင်ဒို-ပစိဖိတ် ရပ်ဝန်းကြီးတစ်ခုလုံး တည်ငြိမ်ဖို့ဆိုရင် အိန္ဒိယ နိုင်ငံဟာ အရေးကြီးဆုံး နေရာမှာ ရှိတယ်လို့ အမေရိကန်က ယုံကြည်ထားတာကြောင့် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို တဟုန်ထိုး တိုးမြှင့်လိုနေတာ ဖြစ်ပါတယ်။

မစ္စတာ တေလာဆင် အနေနဲ့ လာမယ့် သီတင်းပတ်ဆိုရင် အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့ကို သွားရောက်မယ့် တောင်အာရှဒေသ ခရီးစဉ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကပဲ အိန္ဒိယ ဝန်ကြီးချုပ် မိုးဒီရဲ့ အမေရိကန် ခရီးစဉ် ရှိခဲ့ပြီး၊ အဲဒီ့ ခရီးစဉ်မှာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေး အတွက် စီမံကိန်းတွေကို နယ်ပယ် အတော်များများမှာ စတင်နှင့်ပြီး ဖြစ်တယ်လို့ လို့ ဝန်ကြီး တေလာဆင်က ပြောပါတယ်။