ဟိုတယ် မီးလောင်မှု လူ တယောက်သေ၊ အခန်း တရာကျော်လောင်

Image caption ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ နိုင်ငံခြားသားတွေကြားရေပန်းစားခဲ့

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံခြားသား အမျိုးသား တဦး သေဆုံးပြီး အခန်း တရာကျော် မီးလောင်ကျွမ်း သွားခဲ့တယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကို ပိုင်တဲ့ ထူးကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ သေဆုံးသူ ဘယ်နိုင်ငံသားလဲ ဆိုတာ ကိုတော့ စိစစ်ဆဲလို့ ဆိုသွားပါတယ်။

မီးလောင်မှုထဲ မကာအိုက အမျိုးသမီး တယောက်လည်း ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူ နေတယ်လို့ လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သေဆုံးသူဟာ ဂျပန်နိုင်ငံသားဖြစ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဟိုတယ်မီးလောင်မှု သေဆုံးသူ ဂျပန်နိုင်ငံသားဖြစ်

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption မီးစလောင်ချိန်မှာ မီးသတိပေး အသံ မကြားရဘူးလို့ ဧည့်သည်တချို့ဆို

ဟိုတယ် မီးလောင်ကျွမ်းနေတုန်း အခန်း ၉၆ ခန်းမှာ တည်းခိုနေသူ စုစုပေါင်း ၁၄၁ ယောက်ရှိပြီး အဲဒီထဲမှာ အများစုက နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသား ဧည့်သည် အရေအတွက်က အယောက် ၂၀ နီးပါးလို့ ပြောပါတယ်။

ဟိုတယ်ဝန်ထမ်း စုစုပေါင်း ၃ဝဝ ဝန်းကျင်ရှိတဲ့ အနက် မီးလောင်ချိန်မှာ တာဝန်ကျ ဝန်ထမ်း ၆ဝ လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ မနက် ၃ နာရီလောက်က လောင်ကျွမ်းခဲ့တဲ့ ဟိုတယ်မီး ဟာ ငါးလွှာကနေ စတင် လောင်ကျွမ်း ခဲ့တာ ဖြစ်ပေမယ့် မီးလောင်ကျွမ်းမှု အကြောင်းရင်း ကိုတော့ ရှာဖွေနေဆဲ ပဲလို့ ဟိုတယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တွေက ပြောပါတယ်။

ဟိုတယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဟိုတယ် အဆောက် အအုံ အားလုံးနီးပါး မီးလောင်ကျွမ်း

ဟိုတယ် အခန်းစုစုပေါင်း ၁၈၅ ခန်း ရှိတဲ့ အနက် အခန်း ၄ဝ ဝန်းကျင် လောက်သာ မီးဒဏ်က လွတ်ခဲ့တယ်လို့ ပြောပါတယ်။

မီးစတင်လောင်ချိန်မှာ မီးသတိပေး အသံ မကြားရဘူးလို့ ဧည့်သည် တချို့က မီဒီယာကို ဆိုကြပေမယ့် ဟိုတယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Raymond J. Bragg က သူကိုယ်တိုင် ညက ဟိုတယ်မှာ ရှိနေပြီး ဟိုတယ်ရဲ့ မီးအချက်ပေး စနစ် ကောင်းကောင်း အလုပ်လုပ်တယ်လို့ ဆိုပါတယ်။

ကျွန်းသစ်အများစုနဲ့ အလှဆင်ထားတဲ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးလောင်မှုမှာ ဟိုတယ် အဆောက် အအုံ အားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပေမယ့် နှစ်တရာကျော် သက်တမ်း ရှိတဲ့ မူလ ကန်တော်ကြီး ဟိုတယ် အဆောက်အအုံ ကတော့ မီးလောင်ကျွမ်းမှုထဲ မပါသွားဘဲ ကျန်ခဲ့ပါတယ်။

ပျက်စီးသွားတဲ့ အဆောက်အအုံနဲ့ ဧည့်သည်တွေ အတွက် အာမခံထား ထားတယ် လို့လည်း ဟိုတယ် တာဝန်ရှိသူတွေက ဆိုပါတယ်။

ဆုံးရှုံးမှုငွေကြေး တန်ဖိုး ကိုတော့ တွက်ချက်နေဆဲ လို့ပြောပါတယ်။