အလံတရာမှာ ပန်းဦးလွှတ်မှုတွေ ဖြစ်နေ

Image caption သာသနာရေးဝန်ကြီး သူရဦးအောင်ကို

မွန်ပြည်နယ် သထုံမြို့နယ်ထဲက အလံတရာနယ်မြေမှာ ဘာသာရေး အကြောင်းပြပြီး မိန်းကလေးငယ်တွေ အပေါ် အမျိုးသား တယောက်က ပန်းဦးဆွတ် လနေတာကို တရားဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ပေးဖို့ သာသနာရေး ဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုကို တိုင်ကြား ထားပါတယ်။

ဒီအဖြစ်အပျက်ဟာ သထုံမြို့နယ် အလံတရာ နယ်မြေက ဇရစ်ချောင်ကျေးရွာ အုပ်စုထဲက ကျေးရွာ ၆ ရွာ မှာဖြစ်နေပြီး ဒီဒေသမှာ ပအိုဝ်း တိုင်းရင်းသားတွေ အများစု နေထိုင်ကြတာပါ။

သူ့ကို ဒေသခံတွေက ဓမ္မရာဇာမင်းကြီး အဖြစ် တင်စားထားပြီး မိန်းမမြတ်ဖြစ်လို့ သူနဲ့ ယူရတယ်လို့ ယုံကြည် နေကြသူတွေ ရှိတယ်လို့ အလံပြနယ်မြေ ဇရစ်ချောင်ကျေးရွာအုပ်စုက ဦးကြည်သန်းက ပြောပါတယ်။

ဓမ္မရာဇာမင်းကြီးဟာ အသက် ၂၅ နှစ် ဝန်းကျင်သာရှိပြီး သူ့ကို ခွန်တန် သို့မဟုတ် ဇာတ်လိုက်လို့ ခေါ်ဆိုကြပါတယ်။

ဦးကြည်သန်း သိသလောက် အမျိုးသမီးငယ် ၁၂ ယောက်လောက်ကို ပန်းဦးလွှတ် ပူဇော် ထားတယ်လို့ ပြောပါတယ်။

NLD အစိုးရ တက်လာပြီးတဲ့နောက် ခွန်တန်ကို ဒေသခံတွေက တိုင်ကြား လာတာ ရှိပါတယ်။

အလံတရာ ဆရာတော် ဘုရားကြီး ဝင်စားတယ် ဆိုပြီး အဲဒီဒေသက ပအိုဝ်း တိုင်းရင်းသား တွေရဲ့ ဆရာတော်ကြီး အပေါ် ယုံကြည်မှုကို အလွဲ သုံးစားပြုကာ ဒါမျိုး ဖြစ်ပျက် နေတာက လွန်ခဲ့တဲ့ လေးငါးနှစ် ကတည်းကလို့ သထုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

ခွန်တန်လို့ အမည်ရှိတဲ့ ကျူးလွန်သူက အဲဒီ ဒေသခံမဟုတ်ဘဲ ရှမ်းပြည် ဘက်က လာတာဖြစ်ပြီး တခါတလေ ဘုန်းကြီး အဝတ်နဲ့ ဖြစ်ပြီး တခါတလေ လူအဝတ်နဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ဦးဝင်း
Image caption တခါတလေ ဘုန်းကြီး အဝတ်နဲ့ ဖြစ်ပြီး တခါတလေ လူအဝတ်နဲ့ ဖြစ်

မွန်ပြည်နယ်အစိုးရ အဖွဲ့ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုက်လံ ဆောင်ရွက်ပေးနေတာမှာ သူ့ကို ခြိမ်းခြောက် ခံရတာတွေ ရှိတယ်လို့ လွှတ်တော်အမတ် ဒေါ်မာမာခိုင် က ပြောပါတယ်။

အဲဒီ ဒေသတဝိုက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးလည်း ကျော်စောသတင်း ရှိတယ်လို့ ဆိုပါတယ်။

ခွန်တန်ဟာ ကရင်ပြည်နယ် ဘက် ထွက်ပြေးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာ မြို့နယ်သံဃ မဟာနာယက အဖွဲ့က အရေးယူ ဆောင်ရွက်နေသလို ပုဒ်မ ၂၉၅/ကဘာသာ သာသနာ ယုံကြည်မှုကို စော်ကားမှုနဲ့လည်း အမှုဖွင့် ထားပါတယ်။