မီးသင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် သန်းချီ အာမခံပြန်ရမယ်

Image caption မီးလောင်ကျွမ်းပြီးနောက် တွေ့ရတဲ့ ဟိုတယ်အဆောက်အအုံအချို့

အောက်တိုဘာ ၁၉ရက်နေ့က အကြီးအကျယ်မီးလောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်က အဆောက်အအုံတွေအတွက် မြန်မာ့အာမခံလုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေမှာ ကျပ်သန်းပေါင်း ၁,၄၀ဝ နီးပါး မီးအာမခံထား ထားတယ်လို့ မြန်မာ့အာမခံလုပ်ငန်းက မန်နေဂျာ ဦးစောစိန်လင်းက ဘီဘီစီ ကိုပြောပါတယ်။

မီးလောင်ကျွမ်းခံခဲ့ရတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်က အဆောက်အအုံတွေအနက် အဆောက်အအုံ ၄လုံး အတွက် မြန်မာ့အာမခံလုပ်ငန်းမှာ ကျပ် ၈၅၅ သန်းဖိုး အာမခံထားရှိထားပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီဖြစ်တဲ့ အောင်သစ္စာဦး ကုမ္ပဏီ မှာတော့ ကျပ်သန်း ၅၂၀ ကျော်ကို အဆောက်အအုံ ၂ခုအတွက်ထားထားပါတယ်။

မနေ့က ကျနော်တို့သွားစစ်တဲ့အချိန်မှာ ရေတွေဖြန်းနေဆဲဆိုတော့ အကြမ်းဖျင်းပဲ ကြည့်ခဲ့ရတယ်။ ကြည့်ခဲ့ရသလောက် ကျနော်တို့ဆီမှာ ထားထားတဲ့ အဆောက်အအုံ ၄ခုထဲက ဟိုတယ်ပင်မ အဆောက်အအုံနဲ့ ကလပ်ခန်းမကတော့ လုံးဝ နီးပါး ပျက်စီးသွားတယ်။ ဘန်ဂလို ၂ လုံးကတော့ မကြည့်ခဲ့ရဘူး။ ဒါပေမဲ့ဝန်ထမ်းတွေပြောတာတော့ လောင်တဲ့ထဲမပါ သွားဘူးပြောတယ်။ ဒါကြောင့်ဖြစ်နိုင်ခြေက ဒီ အဆောက်အအုံ ၂ခုရဲ့အာမခံထားထားတဲ့ တန်ဖိုးကတော့ သန်း ၈၂၀ တော့ရှိတယ်။ အပြည့်လျော် ရမလား၊ ဘာလားဆိုတာတော့ ဒါကိုပြန်ဖြိုပြီးဆောက်မှာလား ပြန်ပြင်မှာလားဆိုတဲ့ အပေါ် မူတည်သေးတယ် လို့ မြန်မာ့အာမခံလုပ်ငန်း၊ မီးအာမခံဌာနက မန်နေဂျာဦးစောစိန်လင်းကပြောပါတယ်။

ပုဂ္ဂလိက အာမခံကုမ္ပဏီမှာထားရှိထားတဲ့ အဆောက်အအုံ ၂ လုံးအနက် အဆောက်အအုံတလုံးရဲ့ အမိုးကိုပဲ မီးဟပ်သွားတဲ့ အနေအထားသာ ရှိတယ်လို့လည်းသိရပါတယ်။

အောက်တိုဘာ ၁၉ရက်နေ့က လုပ်ခဲ့တဲ့ ထူးကုမ္ပဏီဘက်က သတင်းစာရှင်းလင်းပွဲမှာတော့ တည်းခိုတဲ့ဧည့်သည်တွေရဲ့ ဆုံးရှုံးမှုကို ဟိုတယ်ဘက်က အပြည့်အဝတာဝန် ယူသွားမယ်လို့ ပြောဆိုထားပါ တယ်။

Image caption မီးငြိမ်းသွားပြီးနောက် တွေ့မြင်ရတဲ့အနေအထား

ဟိုတယ်မီးလောင်မှုအတွင်း ဂျပန်နိုင်ငံသားတဦးနဲ့ ကျား၊မ မခွဲခြားနိုင်သူတဦး စုစုပေါင်း ၂ဦးသေဆုံးခဲ့ပြီး မကာအိုနိုင်ငံသူတဦး ဒဏ်ရာရသွားခဲ့ပါတယ်။

လူပုဂ္ဂိုလ်တွေအတွက် အသက်အာမခံကိုတော့ မြန်မာ့အာမခံကနေတဆင့် ပြည်ပက အာမခံကုမ္ပဏီမှာ အာမခံ ထားထားတယ်လို့လည်း သိရပါတယ်။

မြန်မာ့အာမခံမှာ တိုက်ရိုက်ထားရှိတဲ့ အဆောက်အအုံတွေအတွက် မီးအာမခံလျော်ကြေးကိုတော့ သေချာစိစစ်ပြီးတာနဲ့ အမြန်ဆုံးပေးလျော်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဘီဘီစီ တဝန်း