ပုဂံ ရွှေဆံတော်စေတီ တက်ခွင့် ပိတ်

Image caption ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုစာရင်းဝင်ဖို့ ကြိုးစားနေ

ပုဂံမှာ နေဝင်ချိန်ရှုခင်းသွားရောက် ကြည့်ရှုရာ နေရာတွေအနက် ပြည်တွင်း ပြည်ပကလူတွေ သွားရောက် ကြည့်ရှုမှု အများဆုံးဖြစ်တဲ့ ရွှေဆံတော် စေတီကို တက်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ပြီလို့ ရှေးဟောင်း သုတေသန ဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဘီဘီစီကိုပြောပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသက ဘုရား၊ ပုထိုးတွေမှာ ကြံ့ခိုင်မှုအားနည်းလာတဲ့အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ ငလျင်လှုပ်ခဲ့ပြီး နောက်ပိုင်း နေဝင်ချိန် ကြည့်ဖို့ စေတီပုထိုး ၅ ဆူကိုသာ သတ်မှတ် ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။

သတ်မှတ်ထားတဲ့ စေတီပုထိုး ၅ဆူအနက် သစ္စာဝတီ၊ ပြာသာဒ်ကြီးဘုရား တို့ကို ပြုပြင် ထိန်းသိမ်းရေးအတွက် တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး အခု ရွှေဆံတော် စေတီကိုပါ ထပ်မံပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

''မိုးရေဝင်ပြီး ပထမပစ္စယံရဲ့ အောက်ခြေပိုင်း ပြိုကျသွားခဲ့တဲ့အတွက် တနေ့က ညနေကတည်းက ပိတ်လိုက်တာပါ။ အဓိကကတော့ လူတွေ တရက် တရက် ထောင်နဲ့ချီ တက်နေတာကြောင့်လည်း ပါပါတယ်။

ဘုရား၊ ပုထိုး အပေါ်တွေကို လူတွေ တက်ရောက်ခွင့်ပြုတာကလည်း မသင့်တော်တဲ့အတွက် ပုဂံမှာ နေဝင်ချိန် ကြည့်နိုင်ဖို့ နေရာ တွေလည်း ဖော်ထုတ်ပေးထားတာ ခြောက်လလောက်ရှိပါပြီ။

အခုလောလောဆယ်နေရာ ၃ခုမှာ တောင်ကုန်းလေး တွေလုပ်ပေးထားပါတယ်။ နောက်ထပ်လည်း နေရာတွေထပ်ဖော်ထုတ်ဖို့ ရှာဖွေနေပါတယ်'' လို့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SHWE INNTHAR KHIN MG WIN
Image caption ရွှေဆံတော်စေတီပေါ်မှ နေဝင်ချိန်ရှုခင်းကြည့်ရှုနေသူများ

ရွှေဆံတော် စေတီအပေါ်ကို နေဝင်ချိန် သွားရောက် ကြည့်ရှုသူတွေ များတာကို ထိန်းချုပ်နိုင်ဖို့ အတွက် ဒီလပိုင်း တွေအတွင်းက ဝင်ကြေးကောက်ခံဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာန က ခွင့်မပြုခဲ့ တဲ့အတွက် မကောက်ခံဖြစ်ခဲ့ပါဘူး ။

ရွှေဆံတော် စေတီတော်ကို ပြုပြင် ထိန်းသိမ်းရေးနဲ့ ကြံ့ခိုင်ရေး ပြန်လည် လုပ်ဆောင်ပြီးမှသာ တက်ရောက်ခွင့် ပြန်လည် ခွင့်ပြု သွားမှာဖြစ်ပြီး ခွင့်ပြုသွားမယ့်အချိန်ကာလကိုတော့ မသိနိုင်သေးဘူးလို့ဆိုပါတယ်။

ပုဂံနေဝင်ချိန် ရှုခင်းကြည့်ရှုလိုသူတွေ အနေနဲ့ တောင်ဂူနီ၊ မြောက်ဂူနီ ဘုရား၂ဆူ နဲ့ အသစ်ဖော်ထုတ်ထားတဲ့ ရှုခင်းကြည့် နေရာ ၃ခုတို့မှာ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။