ရခိုင်အတွက် လုပ်ငန်းရှင်ကြီးတွေ ကျပ်သန်း ၁၆၀၀၀ ကျော်လှူဒါန်း

Image caption ရခိုင်ပြည်နယ်မှာ စီးပွားရေး ဇုန်ကြီးတစ်ခု ဖြစ်လာအောင် ဆောင်ရွက်ပေးဖို့လည်း ဒေါ်အောင်ဆန်း စုကြည်ပြော

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကော်မတီ UEHRD ကို ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တွေက ငွေ ကျပ်သန်းပေါင်း ၁၆၇၀၀ ကျော်လှူဒါန်း ခဲ့ပါတယ်။

မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ အဲဒီ UEHRD ကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို ဒေသအလိုက် တာဝန်ယူပြီး အကူအညီတွေ ပေးကြဖို့ လုပ်ငန်းရှင်ကြီးတွေကို ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းရာမှာ သူတို့က ငွေကျပ် သန်းပေါင်း တစ်သောင်း ခြောက်ထောင်ကျော် လှူဒါန်း ခဲ့ကြပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မှာ စီးပွားရေး ဇုန်ကြီးတစ်ခု ဖြစ်လာအောင် ဆောင်ရွက်ပေးဖို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ကြီး တစ်ယောက် ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးဇုန် တည်ဆောက်ပေးဖို့၊ နေအိမ် အဆောက်အဦးတွေ တည်ဆောက်ပေးဖို့နဲ့ စီးပွားရေး ဆိုင်ရာ အခြေခံ အဆောက်အဦးနဲ့ လမ်းတွေ ဆောက်လုပ်ပေးဖို့ ကိုလည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်း ခဲ့ပါတယ်။

ဒီလုပ်ငန်းတွေ စတင်အကောင်အထည် ဖော်ဖို့ UEHRD ကော်မတီက ပေါင်းစပ် ညှိနှိုင်းရေးမှူး ဒေါက်တာအောင်ထွန်းသက်နဲ့ စီးပွားရေး လုပ်ငန်းရှင်တို့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အသေးစိတ် ဆွေးနွေးဖို့ရှိပါတယ်။

အခုရရှိတဲ့ အလူငွေတွေကို ဘယ်လိုအသုံးပြုမယ် ဆိုတာ စီမံကိန်း ရေးဆွဲ ထားတာ မရှိသေးပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် နေရာချထားရေး အပါအဝင် ပြန်လည် ထူထောင်ရေးပိုင်းနဲ့ ပြန်လည် နေရာချထားရေးပိုင်းတို့မှာ အသုံးပြုမယ်လို့ ရည်မှန်းထားကြောင်း UEHRD ကော်မတီ သတင်းနဲ့ဆက်သွယ်ရေး ဒါရိုက်တာဦးကျော့မြိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုင်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဘင်္ဂလာဒေရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၅ သိန်းကျော်ကို ပြန်လည်နေရာချထားရေးအတွက် နိုင်ဝင်ဘာလ လယ်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးမြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပါတယ်။