လိင်ပိုင်းဆိုင်ရာ မဖွယ်မရာတွေ ပြုမိခဲ့တယ်လို့ စကိုဘယ်လ် တောင်းပန်

Image caption မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့

အမျိုးသမီးတွေ အပေါ် မလျော်ကန်တဲ့ အပြုအမူတွေ ပြုမူခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင် နေရတဲ့ နည်းပညာ ဆိုင်ရာ နာမည်ကြီး အတိုင်ပင်ခံ ရောဘတ် စကိုဘယ်လ် တစ်ယောက် အခု အခါမှာတော့ သူ့ အပြုအမူတွေ အတွက် တောင်းပန် စကား ပြောဆို လာပြီ ဖြစ်ပါတယ်။

၂ဝ၁ဝ ပြည့်ကျော် အစောပိုင်းကာလ ၊ နည်းပညာ ဆိုင်ရာ အစည်းအဝေးတစ်ခုမှာ မစ္စတာ စကိုဘယ်လ်ရဲ့ ကိုင်တွယ် ပွတ်သပ်တာ ခံခဲ့ရတယ်လို့ စာနယ်ဇင်းသမား ကွင်းနော်တန်က မီဒီယမ် ဆိုတဲ့ ဝက်ဘ်ဆိုက် စာမျက်မှာ ရေးသား ထားပါတယ်။

ဒါ့အပြင်၊ မစ္စတာ စကိုဘယ်လ်နဲ့ အတူ အလုပ်လုပ်ကိုင် ခဲ့ဖူးတဲ့ မီရှဲ ဂရီယာ ကလည်း ၂ဝ၁၀ ဖေဖေါ်ရီလ တုန်းက ကွန်ဖရင့်စ် အစည်းအဝေး တစ်ခုမှာ မစ္စတာ စကိုဘယ်လ်က သူ့ ခြေထောက်ကို ထိတွေ့တာမျိုး သူအလိုမတူတဲ့ အခွင့်ကောင်းယူ ဆက်ဆံတာမျိုးတွေ ပြုမူ ခဲ့တယ် ဆိုပြီး ထုတ်ဖော် ပြောဆို ထားပါတယ်။

မစ္စတာ စကိုဘယ်လ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သူ ကျူးလွန်ခဲ့တဲ့ အတိတ်ကာလ က အမှားအယွင်းတွေ၊ လက်ရှိ အပြုအမူတွေ အတွက် တောင်းပန် ရုံသက်သက်နဲ့ မချေဖျက် နိုင်ဘူး ဆိုတာ နားလည်ပါကြောင်း ရေးသား လာတာ ဖြစ်ပါတယ်။

မစ္စတာ စကိုဘယ်လ်ဟာ သက္ကရာဇ်၂ဝဝဝ ပြည့်ကျော် နှစ်တွေ အတွင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ အလုပ်လုပ်ကိုင် ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ အချိန်က နောက်ဆုံးပေါ် နည်းပညာတွေ အကြောင်း ဆွေနွေးတဲ့ ဘလော့ဂ် ရေး သားရာကနေ မစ္စတာ စကိုဘယ်လ်ကို လူသိများ လာခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်ကနေ Fast Company ကို မစ္စတာ စကိုဘယ်လ် ရွှေ့ပြောင်း အလုပ်လုပ်ခဲ့ပြီး၊ တခါ … အင်တာနက်ပေါ် သတင်းအချက်အလက်တွေ သိမ်းဆည်း နိုင်တဲ့ Cloud ကို ဖန်တီးပေးတဲ့ RackSpace မှာလည်း အလုပ် လုပ်ကိုင်ခဲ့ပါတယ်။

နောက်ဆုံး အလုပ်ကတော့ UploadVR ဆိုတဲ့ ကုမ္ပဏီ မှာ ဖြစ်ပြီး၊ အဲဒီ ကုမ္ပဏီကိုယ်တိုင် ဝန်ထမ်းတွေ အပေါ် ယောက်ျား မိန်းမ ခွဲခြား ဆက်ဆံတယ် ဆိုပြီး အခုနှစ်ထဲမှာ တရားစွဲ ခံ ခဲ့ရလို့ လျော်ကြေးပေးပြီး တရားရုံးပြင်ပ ကျေအေးရတာမျိုးတွေ လုပ်ခဲ့ရပါတယ်။

အရက်စွဲပြဿနာ

မစ္စတာ စကိုဘယ်လ်ဟာ နည်းပညာ အတိုင်ပင်ခံ တစ်ယောက် အနေနဲ့သာမက ဘီဘီစီ အပါအဝင် နာမည်ကြီး သတင်းမီဒီယာတွေ ပေါ်မှာ ကျွမ်းကျင်သူ ပညာရှင် တစ်ယောက် အဖြစ် ပုံမှန် စကားပြောဆို ခွင့် ရနေသူ တစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်က တောင်းပန် စကားတွေမှာတော့ မဖွယ်မရာ အပြုအမူတွေဟာ အရက်စွဲနေတဲ့ ပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်ရတာ ဆိုပြီး ရေးထားပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် လောက် ကတည်းက အရက် လုံးဝ မသောက်ပဲ နေတာမျိုး အပါအဝင် သူ့ရဲ့ လူနေမှု ဘဝ ဟန်ပန် တိုးတက် ကောင်းမွန်ဖို့ သူ ကြိုးစား လုပ်ဆောင် ခဲ့ပါတယ်လို့လည်း ဆိုထားပါတယ်။

မှားခဲ့သမျှတွေ ပြုပြင်နိုင်ဖို့နဲ့ ဘဝကို ဂုဏ်သိက္ခာ ရှိရှိ ရိုးရိုးဖြောင့်ဖြောင့် တည်ဆောင်ရာမှာ လူအများ အနေနဲ့လည်း မြင်သာထင်သာ ရှိစေဖို့ လုပ်ဆောင်မယ် ဆိုပြီး စိတ်ပိုင်းဖြတ်ထားတယ်လို့ မစ္စတာ စကိုဘယ်လ်က ဆိုပါတယ်။

သူ့ကြောင့် နာကျင် ခံစားခဲ့ရသူတွေ အတွက် အင်မတန် ဝမ်းနည်း ရပါကြောင်းလည်း မစ္စတာ စကိုဘယ်လ်က တောင်းပန်ပြီး သူ့ အနေနဲ့ မလျော်ကန်တဲ့ အပြုအမူတွေ ပြုမူမိခဲ့ကြောင်း ဝန်ခံထားပါတယ်။

ဒါပေမယ့်လည်း သူ အရက်ဖြတ်လိုက်ပြီလို့ လူသိထင်ရှား ပြောခဲ့တဲ့ နောက်ပိုင်း ကာလတွေမှာလည်း မစ္စတာ စကိုဘယ်လ်ဟာ မဖွယ်မရာတွေ ပြုမူခဲ့တယ်လို့ စွပ်စွဲ ထားတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။မဖွယ်မရာ အပြုအမူတွေအတွက် စကိုဘယ်လ် တောင်းပန်