ကုလကန့်သတ်မှု စာရင်းဝင် သံအရာရှိ မြန်မာပြည်က ထွက်သွားရ

Image caption မြောက်ကိုရီးယး နျူရည်မှန်းချက်အပေါ် စိုးရိမ်နေ

မြောက်ကိုရီးယား သံအရာရှိ တစ်ယောက်ကို အခုနှစ် ဧပြီလတုန်းက မြန်မာနိုင်ငံကနေ ထွက်ခွာသွားစေခဲ့တယ် ဆိုတဲ့ အချက် အခုအချိန်မှာ ပေါ်ထွက် လာပါတယ်။

ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံးက ဒုတိယ အတွင်းဝန် ကင်မ်ဂျုံနမ် ကို ထွက်ခွာ သွားစေခဲ့တာ ဖြစ်ပြီး အဲဒီသူနဲ့ သူ့ရဲ့ မိသားစုဟာ မြောက်ကိုရီးယားကို ဇွန်လထဲမှာ ပြန်သွား ခဲ့ပါတယ်။

မစ္စတာ ကမ်ဂျုံနမ်ရော၊ သူနဲ့ ပတ်သက်တဲ့ မြောက်ကိုရီးယား သတ္တုတွင်း လုပ်ငန်းပါ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ကန့်သတ် ထားတဲ့ စာရင်းထဲ ပါဝင် နေတာကြောင့် မြန်မာပြည်မှာ အဲဒီသံအရာရှိကို ဆက်လက် လက်မခံ ထားနိုင်တော့ကြောင်း မြောက်ကိုရီးယား သံရုံးကို အကြောင်းကြား ခဲ့တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဌာနက ဘီဘီစီကို အတည်ပြုပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယာနဲ့ ဒုံးကျည် အစီအစဉ်တွေ ကြောင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေ လက်တွေ့ အကောင်အထည် ဖော်ထားသလဲ ဆိုတာကို လုံခြုံရေး ကောင်စီက အောက်တိုဘာ လလယ်မှာပဲ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ အစီရင်ခံစာတွေ ထုတ်ပြန် လာတာမှာ မြန်မာ နိုင်ငံက တင်သွင်းတဲ့ အစီရင်ခံစာ လည်း ပါဝင်ပါတယ်။

အဲဒီ အစီရင်ခံစာထဲ ကမ်ဂျုံနမ်ကို ထွက်ခွာ ခိုင်းခဲ့တဲ့ အချက်ကို ထည့်သွင်း ဖော်ပြ ထားပါတယ်။

Image caption ပိတ်ဆို့မှုတွေကို အံတုပြီး ဒုံးကျည် အကြိမ်ကြိမ် ပစ်လွှတ်

ကုလသမဂ္ဂက အရေးယူထားတဲ့ စာရင်းထဲ ပါဝင် နေသူတွေကို အနာဂတ်မှာလည်း ပြည်ဝင်ခွင့် ပေးမှာ မဟုတ်ဘူး ဆိုပြီး နိုင်ငံခြားရေးရုံးရဲ့ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာကြား သံတမန် ဆက်သွယ်ရေး ထားရှိပေမယ့် စီးပွားရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ပတ်သက် ဆက်ဆံမှုတွေ ရှိမနေဘူး ဆိုပြီးတော့လည်း ဦးကျော်ဇေယျက ဆိုပါတယ်။

ဒါပေမယ့် မကြာသေးခင်ကပဲ မြောက်ကိုရီးယားထဲ နိုင်ငံရပ်ခြားက စီးဝင်တဲ့ ငွေကြေးတွေ လာရာ နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း ပါဝင် နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

ဒီ သတင်းကို နိုင်ငံခြားရေးရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကျော်ဇေယျက ငြင်းဆိုပေမယ့် မြောက်ကိုရီးယားနဲ့ကြား သံတမန် ဆက်ဆံရေးတော့ ဆက်လက် ရှိနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ