ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်မှု စုံစမ်းရေးဘုတ်အဖွဲ့ နဲ့ စစ်ဆေးနေ

ဓာတ်ပုံ မူပိုင် AFP
Image caption ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်ရဲ့ အမိုးအကာ ၈၀ရာခိုင်နှုန်းလောက်ကို ကျွန်းသစ်တွေနဲ့ တည်ဆောက်ထား

အောက်တိုဘာ ၁၉ ရက်နေ့ မနက်လင်းအားကြီးအချိန်က ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် မီးလောင်မှုနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးဆောင်တဲ့ စုံစမ်းရေး ဘုတ်အဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

အရှေ့ပိုင်းခရိုင် အုပ်ချုပ်မှူး၊ ခရိုင်ရဲတပ်ဖွဲ့က ရဲမှူးကြီးနဲ့ ခရိုင် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ဦးစီးမှူးတွေက အဖွဲ့ဝင်တွေအဖြစ် ပါဝင်တဲ့ ဒီဘုတ်အဖွဲ့အနေနဲ့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် စတင်မီးလောင်ခဲ့တဲ့ အကြောင်းရင်း၊ အဆောက်အအုံမှု တပ်ဆင်ထားတဲ့ မီးဘေး ကာကွယ်ရေး စနစ်တွေ အလုပ်လုပ် မလုပ် ဆိုတာတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီမီးလောင်မှုကြောင့် ဟိုတယ် အဆောက်အအုံရဲ့ ၈၅ရာခိုင်နှုန်း မီးလောင် ပျက်စီးသွားခဲ့ပါတယ်။

ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်ဟာ ကုန်းမြင့် ကန်စောင်းမှာ တည်ရှိနေတဲ့အတွက် လေတိုက်နှုန်း ရှိတဲ့ နေရာဖြစ်တာရယ်၊ အဆောက်အအုံ အမိုးအကာတွေရဲ့ ၈၀ရာခိုင်နှုန်းလောက်ကို ကျွန်းသစ်တွေနဲ့ တည်ဆောက်ထားပြီး နှစ်ကာလ တာရှည် ရေနံချေးတွေ သုတ်ထားတာရယ်ကြောင့် မီးလောင်ကျွမ်းမှု မြန်ဆန်သွားတာ ဖြစ်တယ်လို့ ဦးအောင်ဆွေဝင်းက ပြောပါတယ်။

ဟိုတယ်မှာ အော်တိုမက်တစ် ရေဖျန်းပေးတဲ့ စနစ်မျိုးလို မီးဘေး ကာကွယ်မှု စနစ်တွေ တပ်ဆင်ထားပေမယ့် မီးလောင်တဲ့အချိန်မှာတော့ ဒီစနစ်တွေ အလုပ်မလုပ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်မှုအတွင်း ဂျပန်လူမျိုးတဦးရဲ့ အလောင်းနဲ့ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်တဲ့ နောက်အလောင်းတလောင်းကို ရှာတွေ့ခဲ့ပြီး ဆက်လက်စစ်ဆေးနေဆဲပဲလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ပြောပါတယ်။