ရခိုင်အရေးကြောင့် မြန်မာ့ဒီမိုကရေစီနောက်ကြောင်းမလှည့်လို့ NLDအမတ်ပြော

ဓာတ်ပုံ မူပိုင် FFPS Myanmar
Image caption ဦးအောင်သူငြိမ်းကတော့ ရခိုင်အရေးကြောင့် ရတဲ့ နိုင်ငံတကာ ဖိအားကြောင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းချော်သွားနိုင်ကြောင်း ပြောဆိုခဲ့

အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ဦးဆောင် ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ရခိုင်အရေးကြောင့် လက်ရှိသွားနေတဲ့ မြန်မာ့ ဒီမိုကရေစီ နောက်ကြောင်း ပြန်မလှည့်နိုင်ပါဘူးလို့ NLD လွှတ်တော် ကိုယ်စားလှယ် ရှေ့နေ ဦးအောင်သိန်းက ပြောဆိုခဲ့ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အစိုးရတပ်မတော် အနေနဲ့ နိုင်ငံအတွင်း မတည်ငြိမ်တဲ့ နေရာတိုင်းမှာ စစ်အုပ်ချုပ်ရေး ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အုပ်ချုပ်လို့ရတဲ့အတွက် ဒီမိုကရေစီ နောက်ကြောင်းပြန်ပြီး အာဏာသိမ်းစရာ မလိုတာကြောင့် အခုလို ပြောရတာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေဟာ နိုင်ငံတကာက ပြောသလို လူ့အခွင့်အခွင့်အရေး ပြဿနာ မဟုတ်ဘူးလို့လည်း သူက ပြောဆိုခဲ့ပြီး မြန်မာအစိုးရက ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ရေးရာကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်တာကို နိုင်ငံတကာက မြင်ခွင့်ရပြီး ရခိုင်ဒေသမှာလည်း လွတ်လပ်စွာ သွားလာခွင့်ရရင် နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ကျသွားနိုင်တယ်လို့လည်း ဦးအောင်သိန်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်တွေကို အမြန်နေရာချဖို့ UN ပြော

သုတေသီတဦးဖြစ်ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးအောင်သူငြိမ်းကတော့ ရခိုင်အရေးကြောင့် ရတဲ့ နိုင်ငံတကာ ဖိအားကြောင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းချော်သွားနိုင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ လူမျိုးရေးဝါဒီအများစုရှိနေတယ်လို့ နိုင်ငံတကာက ယူဆမှုရှိကြောင်းကိုလည်း သူက ပြောပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ရေးရာ ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်ကတော့ Isalamisation ဆိုတဲ့ တကမ္ဘာလုံး အစ္စလာမ် ဘာသာဝင် ဖြစ်အောင် ကြိုးစားမှုတွေ ရှိနေတယ်ဆိုတဲ့ တချို့လူတွေရဲ့ စွပ်စွဲချက်ဟာ မှားယွင်းကြောင်းနဲ့ ဒါအမြင်ကို အခြေခံထားမယ်ဆိုရင် ပြဿနာတွေ မပြေလည်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ ငြိမ်းချမ်းရေး မလိုလားပဲ နိုင်ငံရေး အကျိုးအမြတ် ရသူတွေ ရှိနေပြီး အခြေအနေတွေကို မတည်ငြိမ်အောင်လုပ်ပြီး ပြည်သူတွေ လမ်းကြောင်းလွဲအောင် လုပ်နေတာတွေကို ရပ်တန်းက ရပ်အောင် လုပ်နိုင်ရင် ရခိုင်အရေး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း သူက ပြောပါတယ်။

အခုလို ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေရအောင် ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ၂၀၁၇ အတွင်း ၄ ကြိမ်မြောက် အသိပညာ မျှဝေပွဲ အဖြစ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။