သယံဇာတက ရရှိတဲ့ ဝင်ငွေ တဝက်ကျော်သာ ပြည်ထောင်စုဘဏ္ဍာထဲရောက်

ဓာတ်ပုံ မူပိုင် Luttaw
Image caption လိုင်စင်ချထားခံရတဲ့ ကုမ္ပဏီနဲ့ အစိုးရတို့ အကြား ချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ ကိုလည်း အများပြည်သူ သိသာ ထင်ရှားအောင်ချပြနိုင်ခြင်း မရှိသေးပါဘူး

မြန်မာနိုင်ငံမှာ ရေနံသဘာဝ ဓာတ်ငွေ့ နဲ့ ကျောက်မျက် ဓာတ်သတ္တု စတဲ့ တွင်းထွက် သယံဇာတပေါင်းစုံ ကို ထုတ်ယူနေပေမယ့် သဘာဝ သယံဇာတက ရရှိတဲ့ ဝင်ငွေရဲ့ တဝက်ကျော် သာ ပြည်ထောင်စု ဘဏ္ဍာငွေထဲ ရောက်ရှိနေတယ်လို့ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

၂၀၁၆ ခုနစ် မြန်မာနိုင်ငံ သဘာဝသယံဇာ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ ပွင့်လင်းမြင်သာရေး အစီရင်ခံစာ MEITI ကို ကိုးကားပြီး သဘာဝ သယံဇာတ ဝင်ငွေတွေကို ပြည်ထောင်စု ဘဏ္ဍာငွေ ထဲ ဝင်ငွေ ပိုရောက်အောင် ဆောင်ရွက်ရေး တိုက်တွန်းတဲ့ သူ့အဆိုကို ပြည်သူ့ လွှတ်တော်မှာ တင်သွင်းစဉ်မှာ ပြောကြားခဲ့တာပါ။

ဝင်ငွေတွေရဲ့ တဝက်နီးပါးလောက်ဟာ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ အခြားကဏ္ဍ များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောက်ရှိ သွားတာကို သူ့အနေနဲ့ အံ့သြစွာ တွေ့ရှိ ရကြောင်း လည်း ဆိုပါတယ်။

နိုင်ငံသားတွေ စုပေါင်း ပိုင်ဆိုင်တဲ့ သဘာဝ သယံဇာတတွေက ရတဲ့ ဝင်ငွေတွေ ဟာ နိုင်ငံသားတွေ အတွက် ပြန်လည် အသုံးပြုမယ့် ပြည်ထောင်စု ဘဏ္ဍာထဲ အပြည့်အဝ မရောက် တာဟာ အစိုးရရဲ့ ပြည်သူ့ဘဏ္ဍာ ဖြည့်ဆည်းနိုင်မှု အတွက်လည်း အကျပ် အတည်း ဖြစ်စေတယ် လို့ အောက်တိုဘာလ ၁၉ ရက်က ပြည်သူ့ လွှတ်တော် မှာ ပြောပါတယ်။

အစီရင်ခံစာပါ ဖော်ပြချက်အရဆိုရင် သဘာဝ သယံဇာတ သဘာဝ သယံဇာတများ တူးဖော်ရာမှာ လိုင်စင်လျှောက်ထားတဲ့ အချက်အလက်နဲ့ လုပ်ထုံးလုပ်နည်းတွေ ၊ လိုင်စင်ချ ထားတဲ့အခါ မှာ ဘယ်လို စံနှုန်းတွေနဲ့ ချပေးတယ်ဆိုတဲ့ အချက်အလက်လည်း မပါပါဘူး။

ဒါ့အပြင် လိုင်စင်ချထားခံရတဲ့ ကုမ္ပဏီနဲ့ အစိုးရတို့ အကြား ချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ ကိုလည်း အများပြည်သူ သိသာ ထင်ရှားအောင်ချပြနိုင်ခြင်း မရှိသေးပါဘူး လို့ ဒေါ်သက်သက်ခိုင် က ထောက်ပြ ပါတယ်။

တိုက်တွန်းချက်ထဲမှာ အီးအိုင်တီအိုင် စံချိန်စံညွှန်းတွေ အရ ပုဂ္ဂလိက ကုမ္ပဏီတွေကို လိုင်စင်ချ ထားပေး တာဟာ တာဝန်ယူမှု မှုရှိတဲ့ ပြည်တွင်း မှာကော နိုင်ငံတကာ ကပါ လေးစား ရတဲ့ ဂုဏ်သိက္ခာ ရှိတဲ့ ရေရှည် တည်တံ့တဲ့ ကုမ္ပဏီ ကြီးများ ဖြစ်လာအောင် ပြုစုပျိုးထောင် ရာ လည်း ရောက်ကြောင်း ဆိုတဲ့ အချက်လည်း ပါဝင် ခဲ့ပါတယ်။

၂၀၁၆ ခုနစ် မြန်မာ အီးတိုင်တီအိုင် အစီအရင်ခံစာမှာ သဘာဝ သယံဇာတ တူးဖော်မှုမှ ရရှိတဲ့ ဝင်ငွေတွေကို စီမံကိန်း တခုချင်းစီ အလိုက်ဖော်ပြဖို့ လိုအပ်နေသေးတာ ကိုလည်း တွေ့ရ ပါတယ်။

အစီအရင်ခံစာမှာ ကျောက်မျက်ပြပွဲမှာ ပါဝင်တဲ့ ကုမ္ပဏီကြီးတွေရဲ့ ၅၄ ရာခိုင်နှုန်းသော ဝင်ငွေသာ ပါဝင်လို့ ကျောက်မျက် လုပ်ငန်း က ရရှိတဲ့ ဝင်ငွေ အားလုံးကို ကိုယ်စား မပြုနိုင် သေးတာ တွေ့ရတယ် လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။

ကျောက်မျက် ကဏ္ဍက ရောင်းရငွေ ပမာဏကို ပြောရရင် မြန်မာ အီးအိုင်တီအိုင် အစီရင်ခံစာ မှာ အမေရိကန် ဒေါ်လာသန်း ၃၈၀ သာ ဖော်ပြပြီး အခြား သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း များ ရဲ့ ဖော်ပြချက် ပမာဏ ထက် များစွာ လျော့နည်းနေ တာကို တွေ့ရတယ် လို့ ဒေါ်သက်သက်ခိုင် က ပြောပါတယ်။

Natural Resources Government Institutes က ထုတ်ပြန်တဲ့ ဂါးဗားမန့်အင်စတီကျုက ထုတ်ပြန်တဲ့ ၂၀၁၇ ခုနစ် သဘာဝ သယံဇာတ ညွှန်းကိန်းအရ မြန်မာဟာ သယံဇာတ ထွက်တဲ့ နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ စုစုပေါင်း ရေနံနဲ့ သဘာဝ ၇၇ ဖြစ်ပြီး သတ္တုက အဆင့် ၈၃ ချိတ်တယ်။

နိုင်ငံအလိုက် သယံဇာတကနေ ရတဲ့ဝင်ငွေအချိုးနဲ့ တွက်မယ်ဆိုရင် ပြည်သူအကျိုးခံစားခွင့် အနည်းဆုံး ၁၃ နိုင်ငံထဲပါဝင်နေတယ် ဆိုကြပါတယ်။

နိုင်ငံသူ နိုင်ငံသား အားလုံး သဘာဝ သယံဇာတမှရရှိတဲ့ အကျိုးခံစားခွင့်ရှိစေဖို့နဲ့ တည့်မတ် မှန်ကန်တဲ့ စီမံခန့်ခွဲမှုကို ပြည်ထောင်စု အစိုးရက ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အားလုံး ပါဝင်တဲ့ ကြွယ်ဝမှု အခြေအနေရောက်ဖို့ ကြွယ်ဝဖို့ ဒီအဆိုကို တင်သွင်း ရခြင်း ဖြစ်တယ် လို့ ဒေါ်သက်သက်ခိုင် က ပြောပါတယ်။

သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်မှုဆိုင်ရာ ပွင့်လင်းမြင်သာရေး အဖွဲ့ဝင် အဖြစ် မြန်မာဟာ ၂၀၁၄ မှာ ဝင်ရောက်ခဲ့တာပါ။

အဲဒီအဖွဲ့ကြီးရဲ့ တိုက်တွန်းချက်နဲ့ အညီ သဘာဝ သယံဇာတ ထုတ်လုပ်မှုမှ ရတဲ့ ဝင်ငွေတွေ ကို နိုင်ငံသားတွေထံ ပွင့်လင်း မြင်သာစွာချပြဖို့နဲ့ ပြည်ထောင်စု အစိုးရ ရန်ပုံငွေထဲ အလုံးစုံ ဝင်ရောက်စေဖို့ အစီအစဉ်များ ချမှတ်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်း ခဲ့တာ ဖြစ်ပြီး လွှတ်တော် ကလည်း ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာက EITI အဖွဲ့ဝင်အဖြစ်ရှိနေတယ် ဆိုပေမယ့် အခုအထိ သယံဇာတအကျိုးကို လက်တဆုပ်စာ ကပဲ ခံစားနေရတာဖြစ်တယ်။

EITI စံနှုန်းအတိုင်း ဆောင်ရွက်မယ်ဆိုရင် ပြည်သူ တွေကပါ အကျိုးခံစားရမှာဖြစ်သလို တာဝန်ယူ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းတွေ လည်း ပေါ်ပေါက်လာလိမ့်လို့လည်း ကချင်ပြည်နယ် အမှတ် (၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။