ဝေဖန်မှုခံနေရတဲ့ မသန်စွမ်း ဇာတ်ရုပ် ကိစ္စ ပြေလည်မှုရ

ဓာတ်ပုံ မူပိုင် SPH
Image caption ဆွေးနွေးမှုအပြီး စာနယ်ဇင်း ရှင်းလင်းမှု ပြုလုပ်နေစဉ်

သရုပ်ဆောင် မြင့်မြတ်ပါဝင်ရိုက်ကူးနေတဲ့ ကိုးယို့ကားယား ဆိုတဲ့ ဇာတ်ကားမှာ မသန်စွမ်းတွေရဲ့ အခွင့်အရေးကို ထိခိုက်စရာ အချက်တွေ ပါတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေတာကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ကြားဝင်ပြီး နှစ်ဘက်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ရာမှာ ပြေလည်မှု ရခဲ့ပါတယ်။

အဲဒီဇာတ်ကားထုတ်လုပ်သူတွေနဲ့ မသန်စွမ်းအသင်းအဖွဲ့တွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေဟာ ဒီကနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းမှာ ရှိတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဇာတ်ကား ထုတ်လုပ်သူတွေဘက်က ဇာတ်ညွှန်းပြောင်းလဲ ရိုက်ကူးပေးဖို့အထိ ကမ်းလှမ်းခဲ့ပေမဲ့ မသန်းစွမ်းတာဝန်ရှိသူတွေဘက်က ပြောင်းလဲပြင်ဆင် ရိုက်ကူးပေးမဲ့ အစီအစဉ်မလိုအပ်ကြောင်းနဲ့ လက်ရှိဇာတ်လမ်းကိုပဲ နှစ်ဘက်ညှိနှိုင်းပြီး လိုအပ်တဲ့ တချို့နေရာလေးတွေမှာ အနည်းငယ်ပြောင်းလဲဖို့သာ တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက သတင်းမီဒီယာတွေကို ပြောပါတယ်။

မသန်စွမ်းအသင်းအဖွဲ့တွေဘက်ကတော့ အနိုင်လိုချင်လို့ ကန့်ကွက်နေတာမဟုတ်ပဲ မှန်ကန်တဲ့ ဖန်တီးမှုတွေကို လုပ်ဖို့နဲ့ ပြေပြေလည်လည်ဖြေရှင်းဖို့သာ လိုလားခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ ကိုးယို့ကားယား ဆိုတဲ့ ဇာတ်လမ်းထဲမှာ သရုပ်ဆောင်မြင့်မြတ်ဟာ ပိုလီယို ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရတာဖြစ်ပြီး သရုပ်ဆောင်မှုတွေဟာ ပိုလီယိုတွေရဲ့ ပကတိ အနေထားနဲ့ ကိုက်ညီမှုမရှိတဲ့ ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ချက်တွေဟာ မသန်စွမ်းတွေရဲ့ အခွင့်အရေး ဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ ဆိုကြပါတယ်။

ဒီနေ့ သဘောတူညီချက်ကြောင့် အဲဒီဇာတ်ကားကို ဆက်လက်ရိုက်ကူးမှာဖြစ်ပြီး မသန်စွမ်းအသင်းအဖွဲ့တွေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့အကြား အလုပ်ရုံးဆွေးနွေးပွဲ ပြုလုပ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။