ရိုဟင်ဂျာတွေ အတွက် အလှူငွေ မတည်ဖို့ ဂျနီဗာမှာ ညီလာခံ ကျင်းပ

Image caption မစ္စတာ အာဆန်နဲ့ ကုလအရာရှိ မာ့ခ်လိုကော့ခ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက် စုစုပေါင်း အခုဆိုရင် တစ်သန်း နီးပါး ရှိသွားပြီလို့ ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် ရှာမီန်း အာဆန်က ပြောပါတယ်။

ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ညီလာခံ ရှေ့မှောက် မစ္စတာ အာဆန်က ပြောခဲ့တာပါ။

ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် အလှူငွေတွေ ထည့်ဝင် လှူဒါန်း ကြပါ ဆိုပြီး နိုင်ငံတကာ ဆီကနေ အကူအညီ တောင်းခံနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂက ကမကထလုပ် ကျင်းပ နေတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံကနေ အတင်းအကြပ် နှင်ထုတ် ခံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေးဟာ ကိုင်တွယ် ထိန်းချုပ်လို့ မရနိုင်တဲ့ အခြေအနေမျိုးထိ ဖြစ်လာနေပြီလို့လည်း မစ္စတာ အာဆန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ အာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ဆက်လက် ငြင်းဆန်နေတယ် ဆိုပြီးတော့လည်း မစ္စတာ အာဆန်က မြန်မာ အစိုးရ အပေါ် ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

Image caption ထောင်နဲ့ချီပြီး နေစဉ် ဝင်လာနေ

ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ နေစဉ် ဝင်လာနေကြဆဲ ဖြစ်တယ်လို့ မစ္စတာ အာဆန်က ဆိုပါတယ်။

အခု ဂျနီဗာ အထူး ညီလာခံ ကနေ ရိုဟင်ဂျာတွေ အတွက် အလှူငွေ ဒေါ်လာ သန်း ၄ဝဝ ကျော် မတည်နိုင်ဖို့ ကုလသမဂ္ဂက ရည်မှန်း ထားပြီး အခုဆိုရင် ဒေါ်လာ သန်း ၃၄ဝ ကျော် ရရှိ လာပြီ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်ကလေးငယ်တွေ အဟာရချို့တဲ့

အဲဒီ ငွေတွေကို ဒုက္ခသည်တွေ ရေကြည်ရေသန့် သောက်သုံး နိုင်ရေး အပါအဝင် ယာယီ နေယာ ထိုင်ခင်းတွေ ဖန်တီး ပေးဖို့နဲ့ ရှေ့လာမယ့် ဖေဖေါ်ဝါရီ လကုန် အထိ စားနပ်ရိက္ခာ ထောက်ပံ့ရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

ရှိလက်စ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အခုနှစ် ဩဂုတ်လနှောင်းပိုင်း ရောက်လာတဲ့ ရိုဟင်ဂျာ သန်း တစ်ဝက်ကျော်ကို စုပေါင်းပြီး စုစုပေါင်း တစ်သန်း နီးပါး ရှိသွားပြီလို့ ဘင်္ဂလာဒေ့ရှ် နိုင်ငံက ပြောနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ