မြေပေါ် ဒရွတ်တိုက်အောင် ကျနေတဲ့ လျှာကြီးကို ဆေးကုပေး

ဉာဏ်ထူး
ဓာတ်ပုံ ပုံစာ,

ဉာဏ်ထူး ပြန်ပြီး နလံထူလာပြီ

ဉာဏ်ထူးလို့ နာမည်ပေးထားတဲ့ မြန်မာပြည်က ဝက်ဝံရဲ့ ဧရာမဖြစ်နေတဲ့ လျှာကြီးကို အီဒင်ဘာရာ တိမွေးကု ဆရာဝန်တွေ ခွဲစိတ် ကုသပြီး တစ်သျှူး အသားစကြီးကို ဖယ်ရှား ပေးခဲ့ပါတယ်။

ဉာဏ်ထူးရဲ့ လျှာဟာ ကြီးလွန်းလို့ သူလမ်းလျှောက်တဲ့ အခါ မြေကြီးပေါ် ဒရွတ်တိုက်ကျ တဲ့ အထိ ဖြစ်နေခဲ့ ပါတယ်။

ဉာဏ်ထူးဟာ ဝက်ဝံပေါက် လေး အရွယ် ကတည်းက အမျိုးအမည် မသိရတဲ့ ရောဂါဆန်း ခံစား ခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

၃ ကီလိုဂရမ်လောက် ကြီးတဲ့ တစ်သျှူးကို ဖယ်ပေး ခဲ့

အခု အခါမှာတော့ ယူကေနိုင်ငံ၊ စကော့တလန် ပြည်နယ်က အီဒင်ဘရာ တော်ဝင် တိမွေးကု ကျောင်းက ဆရာဝန်တွေက ၄ နာရီကြာ ခွဲစိတ်ပြီး ကုသ ပေးခဲ့တာ ဖြစ်ပါတယ်။

ခွဲစိတ်မှု အပြီး ဉာဏ်ထူးတစ်ကောင် အတော်လေး ပြန်ပြီး နလံထူလာပြီလို့ ဆိုပါတယ်။

ဒီ ခွဲစိတ်မှုကို ဟယ်သာဘေကွန်နဲ့ အဖွဲ့က ပြုလုပ် ခဲ့တာဖြစ်ပြီး ၃ ကီလိုဂရမ်လောက် ကြီးတဲ့ တစ်သျှူးကို ဉာဏ်ထူးရဲ့ လျှာကနေ ဖယ်ပေး ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ညီအစ်ကို နှစ်ကောင် တရုတ်ပြည်မှာ တရားမဝင် ရောင်းစား ခံခဲ့ရ

ဉာဏ်ထူးဟာ သူ့ရဲ့ လျှာကြီးကြောင့် မတ်မတ် မထိုင်နိုင်ပဲ လှောင်အိမ်ကို ခေါင်းနဲ့ မှီပြီး နေခဲ့ရပါတယ်။

ဉာဏ်ထူးမှာ နောက် ညီအစ်ကို ဝက်ဝံ တစ်ကောင်လည်း ရှိပြီး၊ သူတို့ ညီအစ်ကို နှစ်ကောင် စလုံး တရုတ်ပြည်မှာ တရားမဝင် ရောင်းစား ခံခဲ့ရပြီး၊ မြန်မာပြည်က ဘုန်းတော်ကြီးတွေက ကယ်တင် ထားခဲ့တာ ဖြစ်ပါတယ်။

ဉာဏ်ထူးရဲ့ လျှာကြီး ဘာလို့ ကြီးလာ ခဲ့ရသလဲ ဆိုတာ ပဟေဠိ သဖွယ် ဖြစ်ခဲ့ရပြီး၊ သူ့ကို ကုသ ပေးခဲ့တဲ့ စကော့တလန် တိမွေးကု ဆရာဝန် အဖွဲ့ကတော့ ခြင်ကတဆင့် ဆင်ခြေထောက် ရောဂါပိုး ကူးစက် ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ယူဆ ထားပါတယ်။

ဝက်ဝံ တစ်ကောင်မှာ အခုလို ဖြစ်တာမျိုး မကြုံခဲ့ဖူးဘူးလို့ ဉာဏ်ထူးကို ပြုစု ပေးတဲ့ သူနာပြု ကာရိုလိုင်း နယ်လ်ဆင်က ပြောပြီး၊ သူတို့ အဖွဲ့ အနေနဲ့ ဉာဏ်ထူး အတွက် ဘယ်တော့မှ လက်မလျှော့ဘူးလို့ ဆုံးဖြတ် ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,

၄ နာရီကြာ ခွဲစိတ် ကုသ ပေး