သယံဇာတ စီမံမှု စစ်အစိုးရလိုဖြစ်နေဆို

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သဘာဝအရင်းအမြစ် ခွဲဝေရေး ရန်ကုန်မှာ သတင်းစာရှင်း

အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေပေမယ့် ဗဟိုချုပ်ကိုင်မှုတွေ များပြားနေသေးပြီး သဘာဝ သယံဇာတ အရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုတွေကို လောက်လောက် လားလား ဖြေရှင်းနိုင်မှု မရှိသေးဘူးလို့ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

အဲဒီ အနေအထားဟာ အရင်စစ်အစိုးရ လက်ထက် ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေတွေကို သတိရစရာ ဖြစ်နေတယ်လို့ တိုင်းရင်းသား အရပ်ဘက် လူမှု့အဖွဲ့အစည်းအချို့က ပြောပါတယ်။

ပြည်တွင်းစစ် ပြဿနာဟာ ဗဟိုချုပ်ကိုင်မှု မြင့်မားလွန်းခြင်းကြောင့်ဖြစ်ပြီး အရပ်သားအစိုးရ တက်လာတဲ့ ကာလမျိုးမှာတောင် အငြင်းပွားဖွယ် အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်း အပါဝင် မြေယာ ၊ သစ်ထုတ်ခွင့်နဲ့ တွင်းထွက် သယံဇာတ တူးဖော်မှု လုပ်ငန်းတွေ ရပ်ဆိုင်းတာတွေ လောက်လောက်လားလား မလုပ်နိုင်သေးဘူးလို့ တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့ Burma Enviromental Working Group (BEWG ) အဖွဲ့က ရန်ကုန်မှာ အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

အစိုးရက ပထမဆုံး အပစ်ရပ်ရေးလုပ်ပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ပါ နောက်မှနိုင်ငံရေးဆွေးနွေးရင်းဖြစ်သွားပါ့မယ်ဆိုတဲ့ ကိစ္စမျိုးတွေက ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စစ်အစိုးရက ၁၇ နှစ် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေရှိခဲ့တယ်။ နိုင်ငံရေး မဆွေးနွေးဘူး ဖွံ့ဖြိုးရေး လုပ်တယ် နောက်စစ်ပြန်ဖြစ်တော့ အဲဒီလမ်းတံတားကျောင်းတွေ အကုန်ပြန်ပျက်စီးကုန်တယ်။ အဲဒီလို ထပ်တူထပ်မျှလုပ်နေတာတွေ့ရတယ်လို့ ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်က အထွေထွေအတွင်းရေးမှူး ဦးဆာဂျီက ပြောပါတယ်။

အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေတယ် ဆိုပေမယ့် ၂၁ ပင်လုံ ၂ ကြိမ် ကျင်းပပြီးချိန်အထိ နိုင်ငံရေး ဆွေးနွေးမှု အတွက် စည်းမျဉ်းစည်းကမ်းဆုံးဖြတ် ဆိုင်ရာ အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ထွက်ပေါ်လာအောင် သဘောတူညီနိုင်တာ မရှိသေးပါဘူး။

သတ္တုတူးဖော်ရေး လုပ်ကွက်အချို့ကို သက်တမ်း တိုးမပေးတာတွေ ရှိခဲ့ပေမယ့် သယံဇာတ တူးဖော်မှုကတော့ များများစားစား လျော့ကျသွားတာ မရှိသေးဘူးလို့ BEWG အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

သဘာဝ အရင်းအမြစ် သံယံဇာတရှိတဲ့ နယ်မြေတွေမှာ အစိုးရစစ်တပ်က နေရာဝင်ယူမှု တွေလည်း များလာနေပြီး တိုင်းရင်းသား အခြေပြု ပြည်နယ်တွေမှာ သဘာဝ အရင်းအမြစ် အခြေပြု စီမံကိန်းတွေကို ယာယီ တားမြစ် ထားမှုဟာ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် အကူအညီ ဖြစ်စေလိမ့်မယ်လို့လည်း BEWG က ကြေငြာချက်ထုတ်ပြန်ပါတယ်။

ကျောက်မျက်ဥပဒေလို ဥပဒေတချို့ ရှိလာပေမယ့် ကျောက်စိမ်းတူးဖော်မှုတွေက လျော့ကျ သွားတာ မတွေ့ရဘူးလို့ ဆိုသလို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဒေသခံတွေကို လုံလောက်တဲ့ တိုင်ပင် ဆွေးနွေးမှုတွေ မလုပ်ဘဲ စီမံကိန်းတွေ ချမှတ်ပေးတာ ၊ အငြင်းပွားဖွယ် စီမံကိန်းတွေ ဆက်လက် အကောင်ထည် ဖော်နေတဲ့ ကိစ္စရပ်တွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ပူတာအိုနဲ့ နောင်မွန်းဒေသကို UNESCO ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးနယ်မြေ သတ်မှတ်ဖို့ လုပ်ပေမယ့် ဒေသခံတွေနဲ့ တိုင်ပင်တာ မရှိဘဲ မြေဧက အမြောက်အမြားကို အဲဒီနယ်မြေထဲ ထည့်ဖို့ လုပ်တဲ့ ကိစ္စမျိုးတွေအထိ ပါဝင်ပါတယ်။

တချို့နေရာတွေမှာ လက်ရှိအစိုးရက ဒေသခံတွေနဲ့ တွေ့ဆုံတာရှိပေမယ့် လုံလောက်တဲ့ ဆွေးနွေးမှုတွေ လုပ်ပြီး စီမံကိန်းတွေ ခွင့်ပြုတာမျိုး ဒါမှမဟုတ် အငြင်းပွားဖွယ် စီမံကိန်းတွေ ဆက်ပြီးလုပ်ဆောင်စေတာမျိုးတွေ ရှိနေတယ် လို့လည်း ထောက်ပြကြပါတယ်။

အမွေအနှစ် ထိန်းသိမ်းရေး နယ်မြေသတ်မှတ်တာကောင်းပေယ့် ဒေသခံတွေရဲ့ မူလအခွင့်အရေးတွေကို အသိအမှတ်မပြုဘဲ အဲဒီဖွံ့ဖြိုးမှုတွေဟာ လူတစုစာ အတွက်ပဲ ကောင်းသလို ဖြစ်နေရင် ဒါဟာ မျှတတဲ့ ဆုံးဖြတ်ချက် မျိုး ဖြစ်မှာ မဟုတ်ဘူးလို့ ဦးဆာဂျီက ဆိုပါတယ်။

သံလွင်မြစ်ပေါ်က ဆည်စီမံကိန်းတွေလို ကိစ္စတွေအပြင် အခြားအငြင်းပွားဖွယ် စီမံကိန်းတွေနဲ့ ပတ်သက်လို့လည်း ယတိပြတ် ဖြေရှင်းနိုင်တာ မရှိဘူးလို့ ကရင်သဘာဝ ပတ်ဝန်းကျင် ရေးရာ လှုပ်ရှားမှု ကွန်ယက် တွဲဖက် ဒါရိုက်တာ စောအဲလက်စ် ကလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးကို အထောက်အကူပြု စေဖို့အတွက် BEWG ကနေ ဖက်ဒရယ်စနစ်အခြေပြု အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အဝ ခွဲဝေလွှဲပြောင်း ပေးတဲ့ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု လမ်းပြမြေပုံကိုလည်း ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အကြံပြုချက်မှာ ကြားကာလအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ် လက်မှတ်မထိုးခင်လုပ်ရမဲ့ လုပ်ငန်းစဉ်များ ၊ အသွင်ကူးပြောင်းမှု ကာလမှာ ဆောင်ရွက်ရမယ့် ကိစ္စနဲ့ အကောင်ထည်ဖော်တဲ့ ကာလဆိုပြီး ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဖက်ဒရယ်စနစ်အခြေပြု အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အဝ ခွဲဝေလွှဲပြောင်းပေးတဲ့ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု လမ်းပြမြေပုံ