SSPP/SSA တပ်တွေ ဆုတ်ပေးဖို့ တပ်မတော် ညွှန်ကြားလို့ စစ်ရေးတင်းမာ

ဓာတ်ပုံ မူပိုင် SSPP/SSA Facebook
Image caption ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်အတွင်းက မိုင်းနောင်- မိုင်းရှူးကားလမ်းတောင်ပိုင်းမှာ ရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်တွေအားလုံးကို ကားလမ်းမြောက်ပိုင်းဆုတ်ပေးဖို့ တပ်မတော်က ညွှန်ကြားလာတဲ့အတွက် စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီနေ့အထိတော့ တိုက်ပွဲမရှိသေးပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့တွေကို ဆုတ်ပေးဖို့ ပြီးခဲ့တဲ့ ရက်တွေက ဆက်ဆံရေးရုံးကနေ တဆင့်ညွှန်ကြားလာတာပါ။ လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA ရဲ့ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဗိုလ်မှူးစိုင်းဘုန်းဟန်က ဘီဘီစီကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

အဲဒီ ဒေသဟာ၂၀၁၅ ခုနစ်အတွင်းက အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။

၂၀၁၅ ခုနစ် တိုက်ပွဲတွေဖြစ်ပွားတုန်းက စခန်းအချို့ကို စစ်တပ်က သိမ်းနိုင်ခဲ့ပေမဲ့ ကားလမ်းတောင်ဘက်ခြမ်းမှာ စခန်းတချို့ကလည်း ကျန်နေသေးတော့ ဆုတ်ခိုင်းနေတာပါလို့ အမည်မဖော်လိုသူ မိုင်းရှူးဒေသခံတဦးကလည်း ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့လစက်တင်ဘာလကလည်း သံလွင်မြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ မိုင်းရှူးတန့်ယန်းကားလမ်းနားက ဝမ့်လွယ် ၊ လွယ်နိုင်း ၊ တာ့ဝန်းနောင်း စတဲ့ ဒေသတွေမှာ လမ်းဖောက်လုပ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ SSPP/SSA တပ်တွေ ဆုတ်ပေးဖို့ ညွှန်ကြားမှုတွေ ရှိခဲ့ပါတယ်။ နှစ်ဘက်စစ်ရေးတင်းမာမှုတွေနဲ့အတူ လုံခြုံရေး တင်းကြပ်မှုတွေလည်း ရှိလာနေပါတယ်။

ဓာတ်ပုံ မူပိုင် Shan Herald News
Image caption SSPP/SSA ဌာနချုပ်ဝမ်ဟိုင်းနဲ့ တပ်ဆုတ်ခိုင်းနေတဲ့ နေရာပြ မြေပုံ

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ FPNCC မဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ SSPP/SSA ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပေမဲ့ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

တပ်မတော်ရဲ့ သတ်မှတ်ချက်မှာတော့ SSPP/SSA အဖွဲ့ဟာ ဝမ်ဟိုင်းဌာနချုပ်ကိုပဲ အခြေပြုတဲ့အဖွဲ့ဖြစ်တဲ့အတွက် ဝမ်ဟိုင်းရဲ့ ၁၀ မိုင်ပတ်လည်လောက်ကိုပဲ နယ်မြေလို့ သတ်မှတ်ထားပုံရတယ်။ အင်အား ၁ သောင်းလောက်နီးပါးရှိနေတဲ့ ရှမ်းမြောက်တပ်ဖွဲ့အတွက်ကတော့ ရှမ်းပြည်မှာ အစောဆုံးပေါ်တဲ့ လက်နက်ကိုင်အဖွဲ့လည်းဖြစ်တယ်ဆိုတော့ နယ်မြေစိုးမိုးမှုအရ တပ်မတော်သတ်မှတ်မှုထက်ပိုပြီး သူတို့နဲ့သက်ဆိုင်တယ်ဆိုတဲ့ အယူအဆရှိတယ်။ အဲဒီအဓိပ္ပာယ်ဖွင့်ဆိုမှုအကြားမှာ မိုင်းရှူးနဲ့ မိုင်းနောင်အကြား ဒေသတွေဟာ နှစ်ဘက်တင်းမာမှုရှိတဲ့နေရာလို့ သတ်မှတ်လို့ရနိုင်တယ် လို့ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်က တပ်ဆုတ်ခိုင်းတဲ့ နယ်မြေတွေဟာ SSPP/SSA ဌာနချုပ်ဝမ်ဟိုင်းရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် SSPP/SSA Facebook
Image caption ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ