လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်း ရုရှားပယ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption အာရုံကြော ဆိုင်းသွားစေတဲ့ ဆာရင် ဓါတု ဓါတ်ငွေ့သုံး တိုက်ခိုက်ခံရသူတွေကို ဆေးကုပေးစဉ်

ဆီးရီးယား အစိုးရ အနေနဲ့ ဓါတုလက်နက်တွေ သုံးစွဲခြင်းရှိမရှိ စုံစမ်း စစ်ဆေးရေး လုပ်ငန်းကို အချိန်တိုးချဲ့ ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ဆုံးဖြတ်ချက် မူကြမ်း ချပြရာမှာ ရုရှား က ဗီတို နဲ့ ပယ်ချလိုက်ပါတယ်။

တရုတ် နဲ့ ကာဇတ်စတန် တို့က ကြားနေပြီး ဘိုလစ်ဗီးယား နဲ့ ရုရှားတို့က ကန့်ကွက်ကြလို့ အမေရိကန် ဘက် က ဆီးရီးယားကို ကိုင်တွယ်မဲ့ အရေးမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရုရှားဟာ သူရဲ့ မဟာမိတ် ဖြစ်တဲ့ ဆီးရီးယားကို ကာကွယ်တဲ့ အနေနဲ့ ဗီတို အာဏာသုံး ပယ်ချခဲ့တာ ကိုးကြိမ် မြောက် ရှိပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဘက်က ဓါတုလက်နက် သုံးစွဲမှု တားဆီးတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တွေ ကို ၂၀၁၃ ခု နှစ် ကတည်းက ဆီးရီးယား နိုင်ငံ ကို လွှတ်ခဲ့ပြီး သမ္မတ အာဆတ်ရဲ့ ဓါတုလက်နက်တွေ ကို ဖျက်သိမ်းပစ်ရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ တခေါက် ကတော့ ၂၀၁၅ ခုနှစ် မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် အထိ ကြာမြင့်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ က ခန်ရှေဟွန်းမြို့ ကို ဆီးရီးယား လေတပ် က ဆါရင် အဆိပ်ဓါတ်ငွေ့ နဲ့ ဗုံးကြဲ တိုက်ခိုက်တယ် ဆိုတဲ့ အထောက်အထား စစ်ဆေး တွေ့ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေ က ပြောပါတယ်။

အခုလို ရုရှားက လုံခြုံရေး ကောင်စီ အဖွဲ့ဝင် တဦး အနေနဲ့ ဗီတိုမဲ နဲ့ ပယ်ချခြင်း အတွက် အလွန် ဝမ်းနည်းစရာ ကောင်းပြီး ဒီဓါတုလက်နက်တွေ ကြောင့် ဆီးရီးယားပြည်သူတွေ သေကျေ ဒဏ်ရာ ရကြတဲ့ အပေါ် မှာ နိုင်ငံရေး အမြတ်ထုတ်နေလို့ စိတ်မကောင်းတဲ့ အကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် လက်ထောက် သံတမန် မီရှဲ ဂျင်း စစ်ဆင် က ပြောပါတယ်။

ကုလစစ်ဆေးရေး အဖွဲ့ စုံစမ်းပုံ နည်းစနစ် နဲ့ စစ်ချက်တွေ အပေါ်မှာ ရုရှားဘက်က အမြဲ ပြစ်တင် ဝေဖန်နေခဲ့ပြီး ဆီးရီးယား အစိုးရ ကလည်း ဓါတုလက်နက် တွေ သုံးစွဲခြင်း မရှိတဲ့ အကြောင်း ငြင်းခဲ့တာချည်း ဖြစ်ပါတယ်။

အမေရိကန် နဲ့မဟာမိတ်တွေ ဟာ ရုရှား ကို ဖိအားပေးရအောင် လုံခြုံရေး ကောင်စီမှာ မဲ ရအောင် လုပ်နေတယ် လို့ ကုလသမဂ္ဂ မှာ ရုရှား သံအမတ်ကြီး ဗာဆီးလီး နီဘန်ဇီယာ က စွပ်စွဲခဲ့သလို အမေရိကန် သံအမတ်ကြီး နစ်ကီ ဟေလီ ကလည်း ရုရှား ဟာ အာဏာရှင် တွေ နဲ့ အကြမ်းဖက် သမားတွေ အပေါ် ဘက်လိုက်မှု တွေ ရှိနေတယ် လို့ တုန့်ပြန် လိုက်ပါတယ်။