ခွန်တန်နဲ့ အပေါင်းပါတွေကို အမှုဖွင့်

ဓာတ်ပုံ မူပိုင် U Aung Kyaw Thu Facebook
Image caption မွန်ပြည်နယ် လွှတ်တော် အမတ်က ထုတ်ဖော်ပြောခဲ့ အပြီး ပန်းဦးလွှတ်တဲ့ ကိစ္စပေါ်ပေါက်လာခဲ့

ဘာသာရေး အကြောင်းပြပြီး ခေတ်သစ် ပန်းဦးဆွတ်သူလို့ ခေါ်ဆိုနေတဲ့ ခွန်တန် ခေါ် ဇာတ်လိုက် အပါအဝင် အပေါင်းပါ ၇ ယောက်ကို အမှုဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ကာယကံရှင် မိန်းကလေးတွေရဲ့ မိဘတွေက သထုံ မြို့မ ရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခဲ့ ကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင် ကျေးရွာ အုပ်စု အလံတရာ နယ်မြေက တိုင်းရင်းသူ မိန်းကလေးတွေကို ဘာသာရေး အကြောင်းပြ ဖျက်ဆီးခဲ့တယ် ဆိုပြီး မိန်းကလေး တချို့ရဲ့ ဖခင်ဖြစ်သူ ဦးဝင်းညွန့်က အောက်တိုဘာ ၂၄ ရက်က အမှုဖွင့် ခဲ့တာ ဖြစ်ပါတယ်။

အတင်းအဓမ္မ ပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၆၊ လူခိုးယူမှု ပုဒ်မ ၃၆၃၊ ပူးပေါင်း ပါဝင်မှု ပုဒ်မ ၁၁၄ တို့နဲ့ တရားစွဲဆို ထားပါတယ်။

လောလောဆယ် သက်သေတွေကို စစ်ဆေးနေတဲ့ အဆင့်ဖြစ်ပြီး အမှု ခိုင်မာတဲ့ အခါ တရားခံ တွေကို စုံစမ်း ဖမ်းဆီးပြီးနောက် ဥပဒေ အကြံပြုချက်နဲ့ အညီ တရား စွဲတင်သွားမယ်လို့ သထုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူး မောင်မောင်က ဘီဘီစီကို ပြောပါတယ်။

ခွန်တန်ခေါ် ဇာတ်လိုက်ကို ဒေသခံတွေက အလံတရာ ဘုရားတည် ခဲ့တဲ့ ဆရာတော် ဝင်စားတယ်လို့ ယုံကြည်ပြီး ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

သူ့ကို ဓမ္မရာဇာမင်းကြီး အဖြစ် ဒေသခံတွေက တင်စားထားပြီး မိန်းမမြတ်ဖြစ်လို့ သူနဲ့ ယူရတယ်လို့ ယုံကြည် နေကြသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့ခံ တဦးဖြစ်တဲ့ လူထု ကလောင် သထုံခရိုင် နေ့စဉ်သတင်းစာစောင် အယ်ဒီတာချုပ် ဦးနန္ဒကျော်စွာကတော့ ခွန်တန်နဲ့ အပေါင်းပါတွေ ပြစ်မှု ကျူးလွန်တာ ထင်ရှားရင် ထိထိရောက်ရောက် အရေးယူဖို့ ဒေသခံတွေက လိုလားတယ်လို့ ပြောပါတယ်။

အမှုမှာ ပါဝင် ပတ်သက်ခဲ့သူ တချို့နဲ့ သက်သေတချို့ကို စစ်ဆေးနေပေမယ့် အဓိက တရားစွဲဆို ခံထားရတဲ့ ခွန်တန် ကိုတော့ ဖမ်းမိခြင်း မရှိသေးဘူး။