ပဲခူးက အထည်ချုပ်စက်ရုံတခုမှာ အုပ်စုလိုက် မူးမေ့လဲတာတွေ ဖြစ်ပေါ်

Image caption အထည်ချုပ် စက်ရုံ တခုက အလုပ်သမတွေ အလုပ်လုပ်နေတဲ့ မြင်ကွင်း

ပဲခူးမြို့၊ အမှတ်(၃) နယ်မြေရဲစခန်းအပိုင် ဥသာမြို့သစ်၊ အမှတ်(၉)ရပ်ကွက် ပြည်ပစက်မှုဇုံ အကွက် အမှတ် (၁၈/၁၉/၂၀) ရှိ Karisma Apparel (Myanmar) ကုမ္ပဏီလိမိတက်ပိုင် လိမ္မော်ရောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ အုပ်စုလိုက် မူးမေ့လဲတာတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က အလုပ်သမတဦး အိမ်သာထဲမှာ မေ့လဲရာကနေ အဲ့ဒီနေ့မှာပဲ အလုပ်သမား ၃၀ ကျော်လောက် မူးမေ့လဲတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာပါ။

သရဲကပ်သလိုလို စုန်းပူးသလိုလို ဖြစ်နေတဲ့ အလုပ်သမတချို့ကို စက်ရုံထဲက ခေါ်ထုတ်လာတဲ့ တွေ့မြင်ရတယ်လို့ စက်ရုံရှေ့မှာ ဆိုင်ကယ်အငှားယာဉ်မောင်းနေသူလည်းဖြစ် စက်ရုံဝန်ထမ်းတယောက်ရဲ့ ခင်ပွန်းလည်းဖြစ်သူ ကိုချိုအေးက ဘီဘီစီကို ပြောပါတယ်။

ဝန်ထမ်းတွေကြားမှာ ပယောဂဝင်တယ် ဆိုပြီး ထိတ်လန့်ကြောက်ရွံ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ရက်နေ့မှာတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုပင့်ဖိတ်ပြီး တရားနာစဉ်မှာပဲ နောက်ထပ် လူ ၂၀ ကျော် ထပ်မံ မူးမေ့တာတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အလုပ်သမားတွေရဲ့ မိဘတွေက စိတ်ပူပြီး စက်ရုံကို ရောက်လာကာ အလုပ်သမားတွေကို အဲဒီနေ့ အတွက် အလုပ်စောလွှတ်ပေးဖို့ တောင်းဆိုကြသလို စက်ရုံရှေ့မှာလည်း အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့တယ်လို့ အဲ့ဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ သမီးနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ဆင့်က ဘီဘီစီကို ပြောပါတယ်။

ဒီအဖြစ်အပျက်တွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အောက်တိုဘာ ၂၅ရက်နေ့မှာပဲ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးအချို့လည်း အဲဒီစက်ရုံကို သွားရောက်ခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတာတွေ ပြေလည်စေဖို့ စက်ရုံတာဝန်ရှိသူတွေနဲ့ အကြံပြုဆွေးနွေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က ဆိုပါတယ်။

လတ်တလောအကြံပြုချက်တွေအပြင် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို သိရှိနိုင်ဖို့ စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနဲ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့အနေနဲ့ အလုပ်ချိန်လျှော့ချဖို့၊ မူးမေ့လဲသူတွေရှိပါက ဆေးရုံပို့ပေးဖို့ဆိုတဲ့ အချက်တွေကို စက်ရုံတာဝန်ရှိ သူတွေကိုညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဝေဒနာခံစားနေရသူတွေကို ဆေးရုံပို့တာမျိုး စက်ရုံက ဖြစ်ဖြစ်ချင်းနေ့မှာ လုပ်ပေးခဲ့ပေမယ့် နောက်တနေ့မှာ ထပ်ဖြစ်သူတွေထဲက တချို့ကတော့ လိုအပ်တဲ့ စောင့်ရှောက်ပေးမှုတွေ မရဘူးလို့ သနပ်ပင်မြို့နယ် ကျိုက်မဲကျေးရွာမှာနေထိုင်တဲ့ စက်ရုံအလုပ်သမ နှစ်ယောက်ရဲ့ဖခင်ဖြစ်သူ ဦးကျော်ဆင့်က ပြောပါတယ်။

ဒါမျိုး ဖြစ်စဉ်တွေက လူအများအပြားကြား ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ အကြီးအကျယ်ဖြစ်တတ်တဲ့ Mass Hysteria လို့ ခေါ်တဲ့ ရောဂါတမျိုး ဖြစ်တယ်လို့ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်စိန်လွင်က သုံးသပ်ပါတယ်။

စိတ်ဖိစီးမှုများတဲ့ အလုပ်ဝန်းကျင်မှာ အများအပေါ် သြဇာလွှမ်းမိုးနိုင်သူ တဦးတယောက်က စတင်ခဲ့ပြီး အခြားသူတွေကို ဆင့်ပွားသွားတတ်ကာ နတ်ယုံသူက နတ်ဝင်သလို ဖြစ်တတ်သလို တစ္ဆေယုံသူက တစ္ဆေဝင်ပူးသလို ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စက်မှုနိုင်ငံတွေက စက်ရုံ၊ အလုပ်ရုံတွေမှာ အများဆုံး တွေ့ရတတ်ပြီး စိတ်ဖိစီးမှုကို အသွင်ပြောင်းကာ စိတ်ခံစားချက်ကို ထုတ်ဖော်တဲ့ လက္ခဏာ ဖော်ပြနေတဲ့ ရောဂါခံစားနေရသူကို နှစ်သိမ့်ဆွေးနွေးပေးပြီး ကုသပေးနိုင်တယ်လို့လည်း ဒေါက်တာ ဇော်စိန်လွင်က ပြောပါတယ်။

မြောင်းမြဘက်က ကျောင်း တကျောင်းမှာလည်း အရင်နှစ်တွေက အလားတူ ဖြစ်ခဲ့ဖူးတယ်လို့လည်း သူက ဖြည့်စွက် ဆိုပါတယ်။

အခု လိမ္မော်ရောင် အထည်ချုပ် စက်ရုံက အလုပ်သမားတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေနေကို ကြောက်လန့်နေကြသလို ဘာ့ကြောင့် ဖြစ်ရတယ် ဆိုတာမဖြေရှင်းနိုင်သေးတဲ့အတွက် ဒီရက်ပိုင်းအလုပ်မဆင်းလိုကြပေမယ့်လည်း တရက် အလုပ်ပျက်တာနဲ့ တရက်စာလုပ်ခအပြင် အခြေခံအလုပ်သမားတွေ အဓိကအားထားရတဲ့ ရက်မှန်ကြေးပါ ဖြတ်ခံရမှာဖြစ်တဲ့ အတွက် ကြောက်လန့်နေကြပေမယ့်လည်း အလုပ်ဆင်းနေကြရတယ်လို့ သိရပါတယ်။

Karisma Apparel ကုမ္ပဏီက ဟောင်ကောင် အခြေစိုက် အထည်ချုပ် လုပ်ငန်းကြီး တခုဖြစ်ပြီး အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေကို ချည်ထည်အဝတ်အစားတွေ တင်ပို့နေတယ်လို့ ကုမ္ပဏီရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဘီဘီစီ တဝန်း