KIOနဲ့KIAဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ဇော်မိုင် ကွယ်လွန်

ဓာတ်ပုံ မူပိုင် KIA
Image caption ဗိုလ်ချုပ်ဇော်မိုင်ဟာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့အတွက် ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်

ကချင် လွတ်မြောက်ရေး တပ်မတော် KIAနဲ့ ကချင်လွတ်မြောက်ရေး အစည်းအရုံး KIO ဥက္ကဋ္ဌဟောင်း အသက် ၈၂ နှစ်အရွယ် ဗိုလ်ချုပ်ဇော်မိုင်ဟာ အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ အာရှတော်ဝင်ဆေးခန်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

KIA ကို စတင်တည်ထောင်တဲ့ ခေါင်းဆောင် ၇ ယောက်ထဲမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ဇော်မိုင်ဟာ KIO ဥက္ကဋ္ဌဟောင်း မရန်ဇော်ဆိုင်း ကွယ်လွန်တဲ့အချိန် ၁၉၉၃ နှစ်ကုန်ပိုင်းမှာ KIO ဥက္ကဋ္ဌ အဖြစ်ရော စစ်ဦးစီးချုပ် အဖြစ်ပါ တာဝန်ယူခဲ့တာ ဖြစ်ပြီး ၂၀ဝ၁ ခုနှစ်မှာ အနားယူခဲ့တာ ဖြစ်ပါတယ်။

KIO ရဲ့ တတိယမြောက်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ဇော်မိုင်ဟာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့အတွက် ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပြီး အနားယူပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ အမြဲလိုလား ကြိုးစားနေသူ တဦးဖြစ်တယ်လို့ သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူ ပဒန်ဇော်ဒူက ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မိုင်က ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တဲ့အချိန်အတွင်း စစ်ရေးအပိုင်းနဲ့ နိုင်ငံရေးအပိုင်း တဖက်စီမှာ အားနည်းမှုတွေ ရှိခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် သူဟာ ဒီနှစ်ပိုင်းလုံးမှာ ကျွမ်းကျင်တဲ့ ကိုယ်ကျိုးမဖက်တဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်လို့ ယူဆထားပြီး တိုင်းရင်းသားတွေ မလွတ်မြောက်ခင်မှာ အခုလို ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း KIO ဒုဥက္ကဋ္ဌဟောင်းဖြစ်ခဲ့တဲ့ လက်ရှိ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ခေါင်းဆောင် ဒေါက်တာတူးဂျာက ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မိုင်ရဲ့ ရုပ်ကလပ်ကို ရန်ကုန်မြို့ကနေ မြစ်ကြီးနားမြို့ကို သယ်ဆောင်မှာ ဖြစ်ပြီး နိုဝင်ဘာလ တရက်နေ့မှာ စီတာပူရပ်မှာရှိတဲ့ နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်းမှာ ဈာပန အခမ်းအနား ကျင်းပမှာ ဖြစ်သလို နောင့်နန်းကျေးရွာ ခရစ်ယာန်သချိုင်းမှာ ရိုးရာ ထုံးစံအတိုင်း ဂူသွင်း သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။