ဗဟိုအစိုးရ မူဝါဒကို ထောက်ခံသူတွေ ဘာစီလိုနာမှာ သောင်းချီစုဝေး

Image caption စပိန် မပြိုကွဲရေး ချီတက် အင်အားပြ

ကက်တလိုနီးယားရဲ့ မြို့တော် ဘာစီလိုနာမှာ လူတွေ သောင်းနဲ့ချီ စုဝေးလို့ စပိန်နိုင်ငံ ကနေ ခွဲထွက်ရေးကို အလိုမရှိကြောင်း အင်အားပြ ချီတက် ခဲ့ကြပါတယ်။

လွတ်လပ်ရေး တဖက်သတ် ကြေညာခဲ့တဲ့ ကက်တလိုနီးယားကို စပိန် ဗဟို အစိုးရက ရှိထားလက်စ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုတောင် မပေးတော့ပဲ ရုပ်သိမ်း လိုက်ချိန်မှာ၊ စပိန် ဗဟို အစိုးရရဲ့ မူဝါဒကို ထောက်ခံတဲ့ စပိန် မပြိုကွဲရေး ချီတက် အင်အားပြပွဲတွေ ဘာစီလိုနာမှာ အင်နဲ့အားနဲ့ ပြုလုပ် လာတာ ဖြစ်ပါတယ်။

အဲဒီ အင်အားပြပွဲကို စပိန်ရဲ့ အဓိက နိုင်ငံရေး ပါတီကြီးတွေ အားလုံးကလည်း ထောက်ခံ ကြိုဆိုကြတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာ ဆန္ဒပြပွဲမှာ ပါဝင်လာကြသူတွေ အများအပြားက ကက်တလန် ခေါင်းဆောင် ကားလက်စ် ပွတ်ဂျ်ဒါမွန့်ကို ထောင်ချပစ် ဆိုတဲ့ ဆိုင်းဘုဒ်တွေ ကိုင်စွဲ ထားကြတာလည်း တွေ့ရပါတယ်။

Image caption ပွတ်ဂျ်ဒါမွန့်နဲ့ ဇနီး

ဒီအချိန်မှာပဲ ဘယ်လ်ဂျီယမ် နိုင်ငံက အစိုးရ ဝန်ကြီး တစ်ယောက်က ပွတ်ဂျ်ဒါမွန့် အနေနဲ့ ဘယ်လ်ဂျီယမ်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းရင် ရကောင်း ရနိုင်တယ် ဆိုပြီး ပြောလာပါတယ်။

"တကယ်လို့ မစ္စတာ ပွတ်ဂျ်ဒါမွန့်သာ ခိုလှုံခွင့် တောင်းလာခဲ့ရင် ဘယ်လ်ဂျီယမ်ရဲ့ ဥပဒေ အတိုင်း လက်ခံ စဉ်းစား ဆုံးဖြတ်မယ်၊ သူ့ကို နိုင်ငံရေး ဒုက္ခသည် တစ်ယောက် အဖြစ် အသိအမှတ် ပြုလိုက်ပြီ ဆိုရင် စပိန်ကို ပြန်လွှဲ ပေးမှာလည်း မဟုတ်ဘူး" ဆိုပြီး ဘယ်လ်ဂျီယမ်ရဲ့ လူဝင်မှု ဝန်ကြီး သီအို ဖရန်ကင်က ဆိုပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံ အများစုဟာ အဖွဲ့ဝင် နိုင်ငံ အချင်းချင်းက နိုင်ငံသား တစ်ယောက်ကို သူတို့ နိုင်ငံထဲ ခိုလှုံခွင့် မပေးကြပါဘူး။

အီးယူ နိုင်ငံသား တစ်ယောက် ခိုလှုံခွင့်လျှောက် ထားလာရင် လက်ခံ စဉ်းစားတဲ့ အီးယူ နိုင်ငံ အနည်းစုတော့ ရှိတာမှာ ဘယ်လ်ဂျီယမ်လည်း ပါဝင်ပါတယ်။

အခုလို ဘယ်လ်ဂျီယမ် အစိုးရ အဖွဲ့ဝင် တစ်ယောက်ဆီက အသံ ထွက်လာပေမယ့်လည်း လက်ရှိမှာတော့ ကက်တလန် ခေါင်းဆောင် ကားလက်စ် ပွတ်ဂျ်ဒါမွန့် ဆီမှာ အဲဒီလို ပြည်ပမှာ ခိုလှုံခွင့် တောင်းခံမယ့် အရိပ်အယောင်မျိုး မတွေ့ရပါဘူး။

ကက်တလန်ဒေသကို သီးသန့် လွတ်လပ်ရေး ရယူမယ် ဆိုပြီး အဖြေထွက်ခဲ့တဲ့ လူထု ဆန္ဒခံယူပွဲကို မစ္စတာ ပွတ်ဂျ်ဒါမွန့် ဦးဆောင်တဲ့ ခွဲထွက်ရေး ဝါဒီ ဒေသခံ အစိုးရက စပိန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက တားမြစ်ထားတဲ့ ကြားထဲကပဲ ဦးဆောင် ပြုလုပ် ခဲ့ပါတယ်။

အဲဒီ နောက်မှာတော့ ကက်တလန် ဒေသ ပါလီမန်က ပြီးခဲ့တဲ့ သောကြာ နေ့ကပဲ လွတ်လပ်ရေး ကြေညာ ခဲ့ပြီး၊ စပိန် ဗဟို အစိုးရကလည်း ကက်တလန် ပါလီမန်ကို ဖျက်သိမ်းပစ်လိုက် သလို မစ္စတာ ပွတ်ဂျ်ဒါမွန့်ကိုလည်း ကက်တလန် ခေါင်းဆောင် အဖြစ်က ဖယ်ရှား လိုက်ပါတယ်။

ဒါပေမယ့်လည်း မစ္စတာ ပွတ်ဂျ်ဒါမွန့် အနေနဲ့ နိုင်ငံရေးထဲ ဆက်လက် ပါဝင် နိုင်ခွင့် ရှိတယ် ဆိုပြီး စပိန် ဗဟို အစိုးရ ပြောခွင့်ရ အင်နီးဂိုး မင်းဒက်ဇ် ဒီဗီဂိုးက ပြောထားပါတယ်။

စပိန် ဝန်ကြီးချုပ် ရခွိုင်းက ပြောထားသလို ဒီဇင်ဘာလ ထဲ ကက်တလိုးနီးယား ဒေသအတွက် ရွေးကောက်ပွဲ ကျင်းပ ပေးလာတဲ့ အခါ မစ္စတာ ပွတ်ဂျ်ဒါမွန့် ဝင်ပြိုင်ပြီး သူကျင့်သုံးချင် သလိုမျိုး ဗဟို အစိုးရ အပေါ် ဒီမိုကရေစီနည်းကျ အတိုက်အခံ အဖြစ် ပြုမူ နိုင်ပါတယ် လို့လည်း ပြောခွင့်ရ ဒီဗီဂိုးက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကက်တလန် အနာဂတ် မရေရာသေး

ဒီသတင်းနဲ့ပတ်သက်သမျှ