အိန္ဒိယ မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ဆွေးနွေး

ဓာတ်ပုံ မူပိုင် MRCCI
Image caption အိန္ဒိယ မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လက်တွဲဖို့ လုပ်ဆောင်ဖို့ ဆွေးနွေး

အိန္ဒိယ အရှေ့မြောက်ပြည်နယ်ထဲက မဏိပူ ၊ မီဇိုရမ်နဲ့ အာသံက ကုန်သည်တချို့နဲ့ မန္တလေးက ကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်းက စီးပွားရေးသမားတွေဟာ ရင်းနှီးမှု ပိုရဖို့နဲ့ ကုန်သွယ်မှုတွေ လက်တွဲ လုပ်ဆောင်ဖို့ မန္တလေးက ရွှေပြည်သာဟိုတယ်မှာ အောက်တိုဘာ ၃၀ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကနေ နယ်စပ် ကုန်သွယ်မှုနဲ့ တနိုင်တပိုင် ကုန်သည် အသေးစား အလတ်စားတွေအတွက် အဆင်ပြေနိုင်မယ့်အကြောင်း မန္တလေး ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်း MRCCI ဥက္ကဌ ဦးအောင်သန်းက ဘီဘီစီကို ပြောပါတယ်။

အရင်က အိန္ဒိယ မြန်မာကုန်သွယ်မှုဟာ သင်္ဘောနဲ့ တဆင့်ပင်လယ်ဖြတ်ကျော် ကူးသန်းနေရာကနေ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကောင်းလာလို့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု လုပ်ငန်းဟာ လူတန်းစား ပေါင်းစုံအတွက် အဆင်ပြေနိုင်မယ်လို့ MRCCI ဥက္ကဌ ဦးအောင်သန်းက ဆိုပါတယ်။

ဒီပွဲကို တက်ရောက်လာတဲ့ ချင်းပြည်နယ် စည်ပင်သာယာရေးနဲ့ လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ကတော့ နယ်စပ်ကုန်သွယ်ရေး တိုးမြင့်လာရင် ချင်းပြည်နယ်အတွက် အထူး မျှော်လင့်စရာ ရှိတဲ့အကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

အိန္ဒိယ အရှေ့မြောက်ပြည်နယ်က အမျိုးမျိုးသော ခွဲထွက်ရေး သူပုန်တွေရဲ့ အန္တရာယ်ကို အိန္ဒိယ ဗဟိုအစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်ရင် ခရီးသွားလုပ်ငန်းရော ကုန်သွယ်ရေးပါ ချင်းပြည်နယ်အတွက် အကျိုးဖြစ်မယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေးနဲ့ လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုပါတယ်။

ကုန်သည်အချင်းချင်း ရင်းနှီးမှုယူပြီးနောက် ကုန်သွယ်မှုတွေ မကြာခင် လုပ်နိုင်တော့မယ်လို့ နှစ်နိုင်ငံ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။