ဘုရင့်နောင်ခေါင်းလောင်း ကမ္ဘာ့မှတ်တမ်းဝင်

ဓာတ်ပုံ မူပိုင် Ministry of religious and cultural affair
Image caption ရွှေစည်းခုံစေတီမှာ ရှိတဲ့ ဘုရင့်နောင်မင်းတရားရဲ့ ခေါင်းလောင်း

ညောင်ဦးမြို့ ရွှေစည်းခုံ စေတီမှာ ရှိတဲ့ ဘုရင့်နောင်မင်းတရားရဲ့ ခေါင်းလောင်းဟာ ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO ရဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ( Memory of the World ) အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

လတ်တလော ကာလအတွင်း ပြင်သစ်နိုင်ငံက UNSECO ရုံးချုပ် ကျင်းပနေတဲ့ အစည်းအဝေးကနေ ကမ္ဘာ့အမွေအနှစ်မှတ်တမ်း အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ UNESCO ရဲ့ အရာရှိ တဦးဖြစ်တဲ့ ဒေါ်ဥမ္မာမျိုးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ပုဂံဘုရားအဝ ကွန်ကရစ်လမ်းခင်းမှု ကန့်ကွက်

ပုပ္ပားတောင်ဝန်းကျင်ကို ယူနက်စကိုအမိမြေအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေ

ခါကာဘိုရာဇီ ဒေသ ကမ္ဘာ့ သဘာဝ အမွေအနှစ် ဖြစ်ရေး UNESCO လေ့လာ

မန္တလေးမြို့က ကုသိုလ်တော် ဘုရားမှာ ရှိတဲ့ ကုန်းဘောင်ခေတ်က ပိဋကတ် ကျောက်စာတွေ ၊ ပုဂံမြို့မှာ ရှိတဲ့ ရာဇကုမာရ် ကျောက်စာနဲ့ အလောင်းမင်းတရားရဲ့ ရွှေပေလွှာ( ဂျာမနီမှာရှိ ) တို့ကလည်း အရင်က ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ( Memory of the World ) အဖြစ် သတ်မှတ် ခံခဲ့ရတဲ့အတွက် အခုလို သတ်မှတ်ခံရမှုဟာ ပြည်တွင်းမှာ ရှိတဲ့ မြန်မာ့အမွေအနှစ်တွေ အနက် တတိယမြောက် အဖြစ် သတ်မှတ်ခံရမှု ဖြစ်လာတာပါ။

Image caption အနှစ်တထောင် ပြည့်ခါနီးတဲ့ ပုဂံ

ရွှေစည်းခုံဘုရားမှာ ရှိတဲ့ ဘုရင့်နောင်ရဲ့ ခေါင်းလောင်းမှာ ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာနဲ့ ဘုရင့်နောင်ရဲ့ ဆောင်ရွက်ချက်တွေကို ကမ္ဗည်း ရေးထိုးထားပြီး တောင်ငူ၊ ပြည် ၊ ပဲခူး ၊ မိုးမိတ် ၊ မိုင်းယောင်း ၊ မိုးကောင်း စော်ဘွား တို့ကို အနိုင်ရတဲ့ အကြောင်းတွေနဲ့အတူ သူ့ရဲ့ ကုသိုလ်ကောင်းမှု တွေကိုပါ ရေးထိုးထားတာပါ။

ခေါင်းလောင်းစာမှာ ရက်စွဲနေ့စွဲ အတိအကျ ရေးထိုးမှတ်တမ်းတင်ထားတဲ့အတွက် သမိုင်းဆိုင်ရာ ကွင်းဆက်တွေ မှန်ကန်ဖို့နဲ့ ဆက်စပ်ညှိနှိုင်း လေ့လာမှုမှာ တိကျခိုင်မာတဲ့ စာပေနဲ့ သမိုင်းဆိုင်ရာ မူရင်းအထောက်အထား လည်း ဖြစ်တဲ့အတွက် အဲဒီခေါင်းလောင်းကို ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့ တင်ခဲ့ရတာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လူမှုကွန်ယက် မှာ ၂ဝ၁၆ ခုနှစ်က ဖော်ပြခဲ့ပါတယ်။

အခုလို သတ်မှတ်ခံရတဲ့အတွက် ခေါင်းလောင်းမပျက်စီးအောင် ထိန်းသိမ်း စရိတ်တွေလို ထောက်ပံ့ကြေးတွေ ရရှိမှာဖြစ်ပြီး ခေတ်မီ နည်းပညာနဲ့ ရှေးမူမပျက် ထိန်းသိမ်းမွမ်းမံတဲ့ နည်းစနစ် ပိုင်းဆိုင်ရာ အကူညီတွေ ကိုလည်း UNESCO က ပေးအပ်သွားမှာဖြစ်ပါတယ်။

ပုဂံ ရွှေဆံတော်စေတီ တက်ခွင့် ပိတ်

ပုဂံ နယ်နိမိတ် ချဲ့ထွင်နေ

ယူနက်စကိုအဖွဲ့က အမေရိကန်နုတ်ထွက်

ဓာတ်ပုံ မူပိုင် Jkdh Leadr
Image caption ကျန်စစ်သား တည်ထား ကိုးကွယ်ခဲ့တဲ့ ရွှေစည်းခုံ စေတီ

ပုဂံညောင်ဦးဒေသက ရာဇကုမာရ်ကျောက်စာနဲ့ ဘုရင့်နောင် ခေါင်းလောင်းတို့ကို ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ပါဝင်လာတာဟာ ပုဂံဒေသကို နိုင်ငံတကာက သိရှိမှု ပိုမို များပြား လာစေတဲ့ အတွက် အတိုင်းမသိ ဝမ်းမြောက်မိတယ်လို့ ဒေသခံ ခရီးသွား လုပ်ငန်းရှင်ဖြစ်တဲ့ ကိုကျော်စွာမင်းက ဘီဘီစီကို ပြောပါတယ်။

ပုဂံညောင်ဦး ဒေသတခုလုံးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်သတ်မှတ်ခံရရေး အတွက်လည်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက ကြိုးပမ်းနေတာလို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပြီး ဘုရင့်နောင် ခေါင်းလောင်း UNESCO အသိအမှတ်ပြု ခံရဖို့ ရှေးဟောင်းသုတေသန ဦးစီးဌာနကပဲ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။