ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အသစ်ခန့်အပ်

ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကုလမှ ကူညီ

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာမှု အထောက်အကူ ပေးရေး ဌာနေ ညှိနိုင်းရေးမှူး အဖြစ် နော်ဝေ နိုင်ငံသား နုစ် အော့စ်ဘီ ကို ကုလသမဂ္ဂ အဖွဲ့ကြီး က ယာယီ ခန့် အပ် လိုက်ပါတယ်။

ဒီလ အစောပိုင်း တုန်း က မြန်မာ နိုင်ငံ ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး ကနေဒါ နိုင်ငံသား မစ္စစ် ရီနားတား နီကိုလာ လော့ဒ် ဒက်ဆဲလ် ကို ပြန်ခေါ်ပြီးနောက် မှာ အခု လို အစားထိုး ခန့်အပ် လိုက်တာ ဖြစ်ပါတယ်။

မစ္စစ် ရီနားတာ နီကိုလာ လော့ဒ် ဒက်ဆဲလ် ဟာ ရခိုင် ပြည်နယ် က ရိုဟင်ဂျာ ဒုက္ခသည် အရေး နဲ့ ပတ်သက်ပြီး မဆွေးနွေးဖို့ တားမြစ် ခဲ့ကြောင်း ဘီဘီစီ က စုံစမ်း ဖော်ထုတ် ခဲ့ပြီးနောက်မှာ လူစားထိုးမယ့် အစီအစဉ် ဖြစ်လာပါတယ်။

ကုလသမဂ္ဂ ဘက်ကတော့ မစ္စစ် ရီနားတား ဒက်ဆဲလ် ကို ပြောင်းရွှေ့ ရတာဟာ ဌာနတွင်း အပြောင်း အရွှေ့ နဲ့ ရာထူး ဆက်ခံမှု အစီအစဉ် တွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အထူးသဖြင့်လူ့အခွင့်အရေးကိုင်တဲ့ ဌာနနဲ့ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေနဲ့ သီးခြားတွေ့တဲ့ အခါပြောကြားတယ်လို့ ရိုက်တာ သတင်းမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေဟာ အရေးကြီးတဲ့ အနေအထားဖြစ်လို့ အိမ်ရှင်အစိုးရကို ငဲ့ကွက်ပြီးအမှန်အတိုင်း မပြောလို့မဖြစ်ကြောင်း အခုအသစ် ခန့်တဲ့သူဟာ အာဖဂန် အရှေ့တီမောလို ပဋိပက္ခ ဒေသတွေမှာ တာဝန်ယူဖူးလို့ မြန်မာနိုင်ငံမှာလည်း လက်ရှိ အခြေအနေမှာ အစိုးရ တပ်မတော် တိုင်းရင်းသား လက်နက်ကိုင်စတဲ့ အဖွဲ့အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက် နိုင်မယ်လို့ထင်ကြောင်း၊ စောင့်ကြည့်ဖို့လည်း လိုအပ်ကြောင်း ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်က ပြောသွားပါတယ်။