၂၁ ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး ဘယ်အချိန် ကျင်းပနိုင်မလဲ

Image caption ရခိုင်နဲ့ရှမ်းပြည်နယ်မှာ ကျင်းပမယ့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ မှာ ညှိနှိုင်းလို့ မရ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC ) ရဲ့ နှစ် ရက်တာ အစည်းအဝေး အောက်တိုဘာလ ၃၁ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။

အစည်းအဝေး နောက်ဆက်တွဲ အဖြစ် ဒီနှစ်မကုန်ခင် ကျင်းပ ဖို့ ရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ တတိယအကြိမ်အစည်းအဝေး ကတော့ မရေရာဖြစ်နေဆဲ ပဲလို့တိုင်းရင်းသားခေါင်းဆောင်အချို့ကပြောပါတယ်။

နှစ် ရက်တာကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် UPDJC အစည်းအဝေးရဲ့ သဘောတူ ညီမှု တွေဟာ ၂၁ ရာစုပင်လုံညီလာခံ ရဲ့ တတိယအကြိမ်အစည်းအဝေး ကျင်းပနိုင်ဖို့အတွက် အဓိက ကျပါတယ်။

ဒါပေမယ့် လည်း NCA လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား ၂ ဖွဲ့ရဲ့ နယ်မြေမှာ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ကိစ္စ ကိုတော့ သဘောမတူနိုင်ခဲ့ ပါဘူး။

NCA လက်မှတ် ရေးထိုးထားတဲ့ ALP ရခိုင်လွတ်မြောက်ရေးပါတီနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ( RCSS/SSA ) တို့အခြေစိုက်တဲ့ ပြည်နယ်တွေဖြစ်တဲ့ ရခိုင်နဲ့ရှမ်းပြည်နယ်မှာ ကျင်းပမယ့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ မှာ ညှိနှိုင်းလို့ မရဖြစ်နေတာပါ။

မိုင်းပန်မှာ ရှမ်း အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရင် အဖွဲ့အစည်း တစ်ခုထဲကို ကိုယ်စားပြု တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မျိုး ဖြစ်နေတဲ့ အတွက်ကြောင့် ညှိနှိုင်းမရဖြစ်နေရတဲ့ အကြောင့်းပအိုဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ရှင်းပြ ပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ဆိုတာ NCA လက်မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက် အဖွဲ့တွေအတွက် NCA စာချုပ်အရ ရပိုင်ခွင့်ဖြစ်ပါတယ်။

အဲဒီ့ ဆွေးနွေးပွဲ က ရလာတဲ့ ရလဒ်တွေကို ၂၁ ရာစု ပင်လုံ ငြိမ်းချမ်ရေး ညီလာခံမှာ ပြန်လည် တင်ပြပြီး အတည်ပြုချက် ရယူတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ လုံခြုံရေးအခြေအနေ အရ အမျိုးသား အဆင့် နိုင်ငံရေး မကျင်းပဖို့ အစိုးရနဲ့ တပ်မတော် ဘက်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်ပးဖို့သဘောတူထားပေမယ့် တပ်မတော်နဲ့RCSS/SSA ကြား ကျင်းပမဲ့နေရာကိစ္စ နဲ့ ပတ်သက်လို့ ညှိနှိုင်းလို့ မရဖြစ်နေတာပါ။

အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ကိစ္စကို သဘောမတူ နိုင်ခဲ့တဲ့ အတွက် ၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ သဘောတူ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို ပြည်ထောင်စု လွှတ်တော်ကိုတင်သွင်းမဲ့ကိစ္စကိုလည်း သဘော မတူနိုင်ခဲ့သလို၊ အစိုးရအနေနဲ့ဒီဇင်ဘာ လလောက်မှာကျင်းပချင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံရဲ့ တတိယအကြိမ်အစည်းအဝေးကလဲ မရေမရာ ဖြစ်သွားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံ တတိယ အကြိမ် အစည်းအဝေးမှာ ဆွေးနွေးကြမယ့် အချက်တွေကိုတော့ အခု နှစ် ရက်တာကျင်းပခဲ့တဲ့ UPDJC အစည်း အဝေးမှာ သဘောတူ နိုင်ခဲ့ကြောင်း PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

နှစ်ရက်တာ ကျင်းပ ပြီးစီး ခဲ့တဲ့ UPDJC အစည်းအဝေးဟာ ဆိုရင်ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိက ကျပါတယ် ။

ဒါပေမယ့် လည်း ဒီအစည်းအဝေးမှာ အရေးကြီးတဲ့အချက်အချို့ကို သဘောမတူညီနိုင်ခဲ့တာကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ဖို့ကတော့ ဆက်လက် ညှိနှိုင်းမှုတွေ လုပ်ရမှာဖြစ်ပါတယ်။