အောင်လအန်ဆန် - ဟဲဗီးဝိတ်တန်းက စိန်ခေါ်သူ ကင်မရွန်းနိုင်ငံဖွား အာလိန်းဂလားနီးကို ၂ ချီမှာ အနိုင်ယူမယ်လို့ ဆို

Image caption အောင်လဟာ ဒီနှစ်ထဲမှာပဲ MMA One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့

မြန်မာစပါးအုံးမြွေ အမည်နဲ့ နာမည်ကျော်ကြားသူ သိုင်းပေါင်းစုံ ကစားသမား အောင်လအန်ဆန် က လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ စိန်ခေါ်ပွဲမှာ စိန်ခေါ်သူကို ၂ ချီမှာ အလဲထိုး အနိုင်ယူသွားမယ်လို့ ပြောလိုက်ပါတယ်။

One Championship က ကျင်းပတဲ့ Mixed Martial Arts လို့ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်း လက်ရှိ ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ဟဲဗီးဝိတ်တန်းက စိန်ခေါ်သူ ကင်မရွန်းနိုင်ငံဖွား ဟောင်ကောင်နိုင်ငံသား ကျားသစ်နက် အာလိန်း ဂလားနီးနဲ့ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ ညကျရင် ရန်ကုန်က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ အလွတ်တန်း ယှဉ်ပြိုင်ထိုးသတ်မှာပါ။

ဒီပွဲ မတိုင်မီ သရုပ်ပြ လေ့ကျင့်ပွဲနဲ့ မီဒီယာ မိတ်ဆက်ပွဲကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းပိုင်းက ရန်ကုန်မြို့က မြန်မာပလာဇာမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ ဟန်ရေးပြပွဲကိုတော့ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်နေရလို့ အာလိန်း ဂလားနီး မတက်ရောက်နိုင်ခဲ့ပါဘူး။

ဂလားနီးဟာ ထိုင်းရိုးရာ မွေထိုင်း လက်ဝှေ့ထိုး ပြိုင်ပွဲ ကမ္ဘာ့ ချန်ပီယံ ၄ ကြိမ် ရယူထားနိုင်ပြီး ကြောက်မက်ဖွယ် အင်အားနဲ့ လျင်မြန်မှုကို ပိုင်ဆိုင်သလို ဟဲဗီးဝိတ်လောကမှာ အလဲထိုး အနိုင်ယူသူ ဆရာ တဆူ အဖြစ် နာမည်ကျော်ကြားသူပါ။

ဒါပေမယ့် အောက်လကတော့ ဒီပွဲ အတွက် သေချာ ပြင်ဆင်ထားလို့ ပြိုင်ဘက်က ကိုယ်အလေးချိန် ဘယ်လောက်များများ၊ ဘယ်လောက် လျင်လျင် အနိုင်ယူသွားမယ်လို့ ဆိုပါတယ်။

ဒီပွဲ အတွက် သူ့ရဲ့ ကိုယ်အလေးချိန်ကိုလည်း စနစ်တကျနဲ့ တိုးအောင် လုပ်ထားပြီး လေ့ကျင့်ရာမှာလည်း ဂလားနီးထက် ကိုယ်အလေးချိန်များသူ လေ့ကျင့်ဖက် ကစားဖော် ၄ ယောက်နဲ့ ၈ ချီလောက် အထိ လေ့ကျင့် ထိုးသတ် ပြင်ဆင်တာတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ အောင်လက ပြောပါတယ်။

လက်ရှိမှာ အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ အောင်လက ဒီ အသက်အရွယ်ဟာ တိုက်ခိုက်ရေး ကစားသမားတွေ အတွက် အကောင်းဆုံး အချိန် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြိုင်ဘက်ရဲ့ လျင်မြန်မှု အတွက်လည်း ပြိုင်ဘက်ကို ဖွင့် မပေးဘဲ အကောင်းဆုံး ကာကွယ်ချက်တွေနဲ့ ကစားနိုင်ဖို့ ကြိုးစားမယ်လို့ ဘီဘီစီကို ပြောပါတယ်။

သိုင်းပေါင်းစုံ ပြိုင်ပွဲ ၃၂ ပွဲ ကစားပြီး ဖြစ်တဲ့ အောင်လက ဒီပွဲ အနိုင်ရဖို့ အတွက် အတွေ့အကြုံက အရေးကြီးဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။

အောင်လဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မှာပဲ ကျင်းပခဲ့တဲ့ သိုင်းပေါင်းစုံ ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းမှာ ရုရှား နိုင်ငံသား ဗစ်တာလေဘစ်ဒက်ရှ်ကို အမှတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ပြိုင်ဘက် လူထွားကြီး အာလိန်း ဂလားနီးကတော့ သိုင်းပေါင်းစုံ ပြိုင်ပွဲ ၇ ကြိမ် မှာ ၄ ပွဲ နိုင် ၃ ပွဲ ရှုံး အတွေ့အကြုံ ရှိ ပြီး ကစ်ဘောင်ဆင် ပြိုင်ပွဲမှာတော့ ၂၅ နိုင်၊ ၇ ပွဲ ရှုံး၊ ၁ ပွဲ သရေ မှတ်တမ်းရှိသူပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ