ဒုက္ခသည်ပြန်လက်ခံရေး မြန်မာအဆင်သင့်ဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ

သြဂုတ်လ နောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ ကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ကိစ္စမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အချိန်ဆွဲ နေတယ်လို့ မြန်မာ နိုင်ငံက ပြစ်တင် ပြောဆို လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြန်မာ ဘက်က ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ရှိနေပေမယ့် ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ပါ စည်းကမ်းတွေအတိုင်း ဘင်္ဂလားဒေ့ရှ် ဘက်က လိုက်နာ ဆောင်ရွက်ဖို့ လက်မခံသေးတာလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး ဝန်ကြီးကလည်း ပြီးခဲ့တဲ့ မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်ခြားဆက်သွယ်ရေး စခန်းဖွင့်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ခဲ့ပေမယ့် ဒုက္ခသည် ပြန်လက်ခံရေး သဘောတူချက် အခုချိန်ထိ လက်မှတ် မထိုးနိုင်သေးဘူးလို့ ဆိုပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်ဉီးမြင့်ကြိုင်ကတော့ မူလ ၁၉၉၃ခုနှစ်က သဘော တူညီချက်ထဲက ၄ချက်ကို မြန်မာဘက်က ပြင်စရာ အကြောင်းမရှိဘူးလို့ ပြောပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြင်ဆင်ဖို့ အကြံပြုတာနဲ့ ပတ်သက်လို့ အပြန်အလှန် ညှိနေရတဲ့အတွက် အချိန်ကြာ နေတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ထွက်ပြေးသွားခဲ့ ကြသူတွေက သူတို့ မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို စိစစ်ပြီးတာနဲ့ ပြန်လာဖို့ လက်ခံမယ်လို့ မြန်မာ နိုင်ငံက ပြောပါတယ်။

အခုအခါ ထွက်ပြေးသွားတဲ့ သူတွေကို လက်ခံဖို့ လဝကဘက် ကတော့စခန်းတွေ အဆင်သင့်ဖြစ်နေပြီလို့ ဉီးမြင့်ကြိုင်က ပြောသွားပါတယ်။