ဦးဖြိုးကိုကိုတင့်ဆန်း အပါ ၁၅ ဦးကို ၁၇ မှု စွဲထား

ဓာတ်ပုံ မူပိုင် Ministry of Home Affairs Myanmar
Image caption ခွင့်ပြုချက် မရှိဘဲသုံးတဲ့ Drone နဲ့ ဆက်သွယ်ရေးစက်တွေ၊ လုံခြုံရေး တပ်ဖွဲ့သုံး ဆက်စပ် ပစ္စည်းတွေကိုသိမ်းမိခဲ့

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်က နေပြည်တော် လေဆိပ်မှာ လက်နက်၊ ဆက်သွယ်ရေးစက်တွေနဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ ဦးဖြိုးကိုကို တင့်ဆန်း အမှုနဲ့ ပတ်သက်ပြီး အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးနေတယ်လို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်လိုက် ပါတယ်။

အရင်အစိုးရ လက်ထက်က ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား၊ ACE ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ရန်ကုန်နဲ့ နေပြည်တော်က ကုမ္ပဏီ အဆောက်အဦး တွေကို ရှာဖွေမှုတွေ အရ သေနတ်တွေ၊ ဒရုန်း ယာဉ်ငယ်တွေ၊ ကျည်ဆန် မျိုးစုံနဲ့ ဆက်သွယ်ရေး ကိရိယာတွေ အပြင် လုံခြုံရေး တပ်ဖွဲ့သုံး ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်း မိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ဖမ်းဆီးထားသူ ၁၅ ယောက်ကို မြန်မာ နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် ဆိုင်ရာ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လက်နက်ဆိုင်ရာ ဥပဒေတွေ အပါအဝင် အမှုပေါင်း ၁၇ မှုနဲ့ အမှုဖွင့် ထားတယ်လို့ လည်းဆိုပါတယ်။