၁၄ နှစ်အရွယ်ကျောင်းသား မတရားအသင်း ဆက်သွယ်မှု ပြစ်ဒဏ်ချမှတ်ခံရ

ဓာတ်ပုံ မူပိုင် Taang Youth
Image caption တအာင်းပလောင်ဒေသ မြင်ကွင်းတနေရာ

အောက်တိုဘာလ ၃၀ရက်နေ့က နမ့်ဆန်မြို့မှာ အသက်၁၄နှစ်အရွယ် ကျောင်းသားတဦးဖြစ်တဲ့ မိုင်းချိုမင်းထွေးကို တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ၁၇(၁)နဲ့ မန္တလေး လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ နေထိုင်ဖို့ အမိန့်ချခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့မှာ အသက် ၁၄နှစ်အရွယ် မိုင်းချိုမင်းထွေးကို တအာင်းလွတ်မြောက်ရေး အဖွဲ့ရဲ့ စစ်ယူနီဖောင်း ဝတ်ပြီး သေနတ် ကိုင်ထားတဲ့ ဓါတ်ပုံ ဖုန်းထဲ တွေ့တယ် ဆိုတာနဲ့ စစ်တပ်ဘက်က တရားလိုလုပ် တရားစွဲဆိုခဲ့ပါတယ်။

မိုင်းချိုမင်းထွေးကို ၁၇(၁)နဲ့ မန္တလေး လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ နေထိုင်ဖို့ အမိန့်ချခဲ့ပါတယ်။ ကလေးသူငယ်အမှုဖြစ်တဲ့အတွက် အမှုကို အမြန်ဆုံးအမိန့်ချမှတ်တာ ဖြစ်ပေမဲ့ ခုခံကာကွယ်ခွင့် တစုံတရာ မရှိပဲ တဖက်သတ်ချမှတ်တာ ဖြစ်တဲ့အတွက် ဥပဒေအရ ဆက်ရင်ဆိုင်သွားမယ်လို့ မိုင်းချိုမင်းထွေးဘက်က ရှေ့နေလိုက်ဖို့အတွက် ပြောဆိုထားတဲ့ တအန်းဥပဒေ အထောက်အကူပြုအဖွဲ့က ရှေ့နေ မိုင်းမျိူးအောင်က ဘီဘီစီကို ပြောပါတယ်။

မိုင်းချိုမင်းထွေးဟာ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းက နမ့်ဆန်မြို့နယ် ပတ္တံမြားစေတီနားမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ နမ့်ဆန်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မိုင်းချိုမင်းထွေးကို စဖမ်းဖမ်းချင်းမှာ တပ်မတော် စခန်းကုန်းမှာ ချုပ်နှောင်ထားပေမဲ့ အခုအခါမှာတော့ နမ့်ဆန် ရဲစခန်းမှာ အကျယ်ချူပ်သဘောမျိူး ချုပ်နှောင်ထားတယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့က သူ့ကိုသွားတွေ့ခဲ့တဲ့ သူ့မိခင် ဒေါ်အေးကျိူက ပြောပါတယ်။

မိုင်းချိုမင်းထွေးဟာ မြန်မာစကားကောင်းကောင်းမတတ်ဘူးလို့ မိခင်ဖြစ်သူက ပြောပြီး တအာင်းပလောင်တပ်ဖွဲ့ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖုန်းထဲကတွေ့တယ်လို့ သားဖြစ်သူက မိခင်ကို ပြောပြခဲ့တယ်လို့ ဒေါ်အေးကျိုကပြောပါတယ်။ မိုင်းချိုမင်းထွေးအနေနဲ့ ဒီလိုအဖမ်းခံရမယ်ဆိုတာကို မသိခဲ့ဘူးလို့လည်း ပြောခဲ့တယ်လို့ မိခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိတဲ့အပြင် အစိုးရနဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်မထိုးရသေးတဲ့ နယ်မြေလဲဖြစ်ပါတယ်။ ဒေသခံ တိုင်းရင်းသားတွေဟာလည်း လက်နက်ကိုင် အဖွဲ့ထဲမှာ ဆွေမျိူးတွေ ရှိနေသေးတာကြောင့် ဆက်နွယ်မှုတွေကတော့ ရှိနေကြောင်းနဲ့ မိုင်းချိုမင်းထွေးကို ပို့မဲ့ လူငယ်ပြုပြင်ထိန်းသိမ်းရေး စခန်းတွေဆိုတာ လူငယ်တွေအတွက် ပညာရေး ကျန်းမာရေး ထူးခြားတဲ့ စောင့်ရှောက်မှုတွေ မရှိတာကြောင့် လူကြီးထောင်နဲ့ မကွာခြားကြောင်း သူ့အမှုမှာ လိုက်ပါဆောင်ရွက်ပေးမဲ့ တအန်းဥပဒေ အထောက်အကူပြု အဖွဲ့က မိုင်းမျိုးအောင်က ပြောပါတယ်။

ပ်