ရခိုင်အရေး မြန်မာကို တဘက်သတ် ဖိအားပေးမှု မဖြစ်သင့်လို့ ဧဝံဂေလိ အဖွဲ့ချုပ်ဆို

Image caption သတင်းမှားတွေကို တီထွင်ဖန်တီးခဲ့တယ်

ရခိုင် ပဋိပက္ခကို အခြေခံပြီး နိုင်ငံတကာက မြန်မာ အစိုးရကို ဖိအားပေးနေတာ က လူ့အခွင့်အရေး ကြေညာစာတမ်း ကို ချိုးဖောက်နေတာဖြစ်တယ်ဆိုပြီး မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အစိုးရက လူ့အခွင့်အရေးချိုးဖောက်နေပါတယ်ဆိုပြီး ပြောဆိုနေမှုတွေဟာ တကယ့်အပြင်က အဖြစ်အပျက် အမှန်တွေကြတော့ ကမ္ဘာက ပြောတဲ့အတိုင်းမဟုတ်ဘူးဆိုတာ မြင်ရတယ်လို့ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဆရာတော်ဒေါက်တာ မောရစ်လျန်နာက ပြောပါတယ်။ရခိုင်ပြည်နယ်က အခြေအနေတွေကို တဘက်သတ် သတင်းမှားတွေကို ထုတ်ပြန်နေတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူတို့အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူ ဒေသခံ တိုင်းရင်းသားတွေ ၊ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းတွေ သေဆုံးဒဏ်ရာရခြင်း ၊ အဓမ္မပြုကျင့်ခံရမှု ၊ ခြိမ်းခြောက်ခေါ်ဆောင်ခံရမှုနဲ့ အတင်းအကြပ်ဘာသာကူးပြောင်းခံရမှုနဲ့ နေရပ်စွန့်ခွာခဲ့ရမှုတွေအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားတာပါ။

ပြည်ပ သတင်းမီဒီယာအချို့နဲ့ နိုင်ငံတချို့ဟာ သတင်းမှန် ၊ ဖြစ်ရပ်မှန်တွေကို ထိန်ချန်မျက်ကွယ်ပြုပြီး တဘက်သတ်ရေးသား ဖော်ပြနေမှုအပေါ် မဟာမိတ်အဖွဲ့ချုပ်အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ နဂိုကတည်းက ဒုက္ခပေးတဲ့သူတွေဖြစ်ပြီး ကမ္ဘာက ရတဲ့ သတင်းတွေက တဘက်သတ်ဖြစ်နေတယ်လို့ ဒေါက်တာမောရစ်လျန်နာက ဆိုပါတယ်။ ဧဝံဂေလိမဟာမိတ်အဖွဲ့ချုပ်က ရရှိထားတဲ့ သတင်းတွေအရ ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ကမ္ဘာက သနားအောင်လုပ်ပြီး ဓာတ်ပုံဆရာတွေ ဗီဒီယို သတင်းထောက်တွေ သတင်းယူပြီးပြန်သွားချိန်တွေမှာ သူတို့ပြောခဲ့တဲ့အတိုင်း မဖြစ်တော့တာ တွေ့ရပြီး သတင်းမှားတွေကို တီထွင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ မိန်းမတွေနှစ်ယောက် ၊ ၃ ယောက်ယူပြီး မိသားစုဝင်တွေလည်းများသလို မြန်မာပြည်မှ သူတို့အတွက် နေရာကလည်း မရှိတော့ သူတို့အတွက်လည်း အခက်အခဲတွေ ရှိတယ်လို့ ဒေါက်တာ မောရစ်လျှန်နာက ပြောပါတယ်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ မြန်မာကို ရှုတ်ချမဲ့အစား အဖြစ်မှန်ကို ကမ္ဘာကလည်း ရှာပေးနိုင်ရင်ကောင်းမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ သတင်းဖော်ပြချက်တွေမှာတော့ ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုတွေနဲ့ တန်ပြန်ဖြိုခွင်းမှုတွေအပြီး သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဖော်ပြနေကြပါတယ်။ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

ရခိုင်အရေးကို အကြောင်းပြုလို့ မြန်မာအစိုးရအပေါ် နိုင်ငံတကာကလည်း ဖိအားပေးမှုတွေရှိနေပြီး မြန်မာစစ်တပ်ကို ဆန်ရှင်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံကတော့ စဉ်းစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို နိုဝင်ဘာလ ၂ ရက်နေ့ ဒီကနေ့မှာ သွားရောက်နေပါတယ်။