ရှမ်းစစ်ရှောင်စခန်း အစိုးရကူမယ့်သတင်း သံသယဝင်

ဓာတ်ပုံ မူပိုင် Shan Human Right Foundation
Image caption ထိုင်းမြန်မာနယ်စပ် လွိုင်ဆမ်ဆစ် စစ်ဘေးရှောင်စခန်း

ရိက္ခာအကူအညီ ဖြတ်တောက်ခံရတဲ့ ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်း ဒုက္ခသည်တွေ အကူအညီတောင်းခံလာရင် အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက အကူအညီပေးဖို့ ပြင်ဆင်ထားတယ် ဆိုပြီး သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက မီဒီယာအချို့ကို လတ်တလောမှာ ပြောကြားထားပါတယ်။

အဲဒီကိစ္စအပေါ် ရှမ်းပြည် ဒုက္ခသည်များ ကော်မတီက ကြေညာချက် ပြန်လည်ထုတ်ပြန်ထားပါတယ်။

အခု အောက်တိုဘာလက စလို့ ထိုင်းမြန်မာ နယ်စပ်တလျှောက်က ရှမ်းရွှေ့ပြောင်းစခန်း ၆ ခုကို နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေက ထောက်ပံ့နေတဲ့ အကူအညီ ရိက္ခာတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။

ရှမ်းပြည်ဒုက္ခသည်များ ကော်မတီဘက် ကတော့ ဒီကိစ္စက မျက်နှာပြကောင်းရုံထက် မပိုတဲ့ကိစ္စ ဖြစ်တယ်လို့ဆိုပြီး အယုံအကြည်မရှိဘူးလို့ ဆိုပါတယ်။

အကူအညီပေးဖို့ သတင်းတွေမှာ ဖော်ပြ နေပေမယ့် အခုထိ ရွှေ့ပြောင်း ဒုက္ခသည်တွေကို အစိုးရဘက်က အဆက်အသွယ် လုပ်တာမရှိသလို တပ်မတော်က သူတို့ စစ်ဆင်ရေးတွေ အတွက် အာရုံလွှဲနေတာလို့ ယူဆကြောင်း ရှမ်းပြည် ဒုက္ခသည်များ ကော်မတီ ထိုင်းနယ်စပ် ဥက္ကဋ္ဌ စိုင်းလျန်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရအနေနဲ့ ရခိုင်အရေး အတွက် ပြည်တွင်းလုပ်ငန်းရှင် တွေဆီက ဒေါ်လာ ၁၃ သန်းဖိုးလောက် အလှူငွေလက်ခံရထားပေမဲ့ ဒီငွေတွေနဲ့ မြန်မာတနိုင်ငံလုံးက စစ်ဘေးနဲ့ ပဋိပက္ခကြောင့် ရွှေ့ပြောင်းရတဲ့ သူတွေကို ကူညီဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ စိုင်းလျန်းက ပြောပါတယ်။

ထိုင်းနယ်စပ်က ရှမ်းစစ်ဘေးရှောင် စခန်း ၆ ခုဟာ စစ်အစိုးရလက်ထက်ကတည်းက တည်ရှိခဲ့တဲ့ စခန်းတွေဖြစ်ပြီး တပ်မတော် နဲ့ ဝ ပူးပေါင်း တပ်တွေက အာစီအက်စ်အက်စ် တပ်တွေကို ထိုးစစ်ဆင်နေတဲ့ ကာလကတည်းက ရွှေ့ပြောင်း ရောက်ရှိလာကြတာဖြစ်ပါတယ်။

အာစီအက်စ်အက်စ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အဖွဲ့အနေနဲ့ အစိုးရနဲ့ အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲထားပေမယ့် စစ်ဘေးရှောင်တွေရဲ့ မူလနေရပ်တွေမှာတော့ တပ်မတော် တပ်ရင်းတွေ အမြောက်အမြား ရှိနေတဲ့ အတွက် နေရပ်ပြန်ဖို့ အခက်ဖြစ်နေကြဆဲဖြစ်တယ်လို့ ရှမ်းပြည်ဒုက္ခသည်များ ကော်မတီဘက်က ပြောပါတယ်။

အစိုးရအနေနဲ့ တပ်တွေ ပြန်ဆုတ်ရေး ၊ တပ်နေရာချထားရေးနဲ့ နယ်မြေသတ်မှတ်ရေးတွေ လုပ်နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မထင်ကြောင်း စိုင်းလျန်းကပြောပါတယ်။

နယ်စပ် စခန်း ၆ ခုမှာ ကုန်းကျော်စခန်းဟာ ထိုင်းဘက်ခြမ်းမှာ ရှိတာဖြစ်ပြီး ကျန်စခန်း ၅ ခုကတော့ မြန်မာဘက်ခြမ်းမှာ တည်ရှိတာဖြစ်ပါတယ်။

RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဟာ အစိုးရနဲ့ ၂၀၁၁ ခုနစ်ကတည်းက တဖွဲ့အချင်း အပစ်ရပ်စဲရေးပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။