ရခိုင်ပြည်မြောက်ပိုင်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

Image caption ၂၀၀၃ ခုနှစ်နောက်ပိုင်း စစ်တွေကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်

ပဋိပက္ခတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောဒေသ ကို နေ့ချင်းပြန် ခရီးစဉ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မနက်ပိုင်းက ရောက်နေပါတယ်။

ဒီခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့နဲ့ အတူ ရဟတ်ယာဉ် (၂)စင်း နဲ့ လာရောက်တာ ဖြစ်ပြီး ခရီးစဉ်အစ စစ်တွေကို ရောက်ချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တွေလေဆိပ်မှာ လူငယ် (၁၀)ဦးနဲ့ တွေ့ခဲ့ပါတယ်။

ဒီနောက်တော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ကျေးရွာတွေထဲပါတဲ့ မောင်တောဒေသက ပန်းတောပြင်ရွာသစ် ၊ ပီအိုအီး ကျေးရွာတွေကို သွားရောက်ခဲ့ပြီး အခုတော့ မောင်တောက ကျေးရွာတွေထဲ ဆက်သွားဖို့ရှိနေတယ်လို့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ဝင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

မောင်တောမှာတော့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ လုံခြုံရေးအတွက် တပ်စု တပ်စိတ် တပ်ခွဲမှူးတွေ စစ်ကြောင်းမှူးတွေ နဲ့ ရဲမှူးကြီးတွေ ဦးစီးပြီး ခရီးစဉ်တလျှောက် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်နေတယ်လို့ ဒုရဲမှူးကြီး ဝင်းသိန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ထဲက သံတွဲကို ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲဆွယ်စည်းရုံးရေးခရီးစဉ် အဖြစ်သွားခဲ့ဖူးပေမယ့် စစ်တွေကိုတော့ (၂၀၀၃) ခုနှစ်တုန်းကပဲ နောက်ဆုံးအကြိမ် ရောက်ခဲ့ပါတယ်။ (၁၄)နှစ်ကြာပြီးကာမှ ရခိုင်ပြည်မြောက်ပိုင်းကို ထပ်မံရောက်ရှိနေတာလည်း ဖြစ်ပါတယ်။