ကန်တော်ကြီးပဲလေ့စ် မီးလောင်မှု ဝါယာကြိုးဟောင်းတွေကြောင့်လို့ တွေ့ရှိ

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မီးလောင်မှုကြောင့် နိုင်ငံခြားသား ဧည့်သည် ၂ ဦး သေဆုံးခဲ့

အောက်တိုဘာလ ၁၉ ရက်နေ့က ဟိုတယ် တခုလုံး နီးပါး မီးလောင်ကျွမ်းသွားခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ် မီးလောင်မှုဟာ ဝါယာကြိုးဟောင်းတွေကြောင့် ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းမီးသတ်ဌာနချုပ်ရဲ့ ညွှန်ကြားရေးမှူး ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

မီးလောင်မှုက ရေနွေးငွေ့ ဘွိုင်လာအိုး ပေါက်ကွဲတာကြောင့် မဟုတ်သလို ရှို့မီးကြောင့်လည်းမဟုတ်ဘူးလို့ သူက ပြောပါတယ်။

မီးစတင် လောင်ကျွမ်းတဲ့ နေရာက လူနေတဲ့ အခန်းမဟုတ်ဘဲ ဟိုတယ် အဆောက်အအုံ အပြင်ဘက်ခြမ်း အရေးပေါ် လှေခါးနဲ့ ဓာတ်လှေခါး အပေါ်ဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။

မီးလောင်မှု အကြောင်းရင်းကတော့ နေဒဏ်၊ မိုးဒဏ် အမြဲ ခံနေရတဲ့ အပြင်ဘက်ခြမ်းက လျှပ်စစ်ဝါယာကြိုးဟောင်းတွေကို နှစ်ပေါင်း ၂၀ နီးပါး မပြုမပြင်ဘဲ ထားခဲ့တဲ့ ဟိုတယ်ရဲ့ ပျက်ကွက်မှုလို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဟိုတယ် အလုပ်အမှုဆောင်ချုပ်နဲ့ အခြား တာဝန်ရှိ ဟိုတယ် ဝန်ထမ်းတွေ၊ ပြင်ပက မီးဆင်တဲ့သူတွေ အပါအဝင် လူ ၁၈ ယောက်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းရေအဖွဲ့မှာ မီးသတ်၊ ရဲ၊ အုပ်ချုပ်ရေးနဲ့ လျှပ်စစ်ဌာနတွေက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

မီးလောင်မှု ဖြစ်ပွာချိန် နံနက် ၃ နာရီ ဝန်းကျင်မှာ ညပိုင်း တာဝန်ကျ ဟိုတယ်မန်နေဂျာ တယောက်ကိုလည်း မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားပါတယ်။

ဓာတ်ပုံ မူပိုင် MYANAMR FIRE SERVICE DEPARTMENT
Image caption ဟိုတယ်တခုလုံးနီးပါး မီးဒဏ်သင့်ခဲ့

အပြီးသတ် အစီရင်ခံစာကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အခု ၁ ပတ် ထဲ တင်ပြမှာ ဖြစ်ပြီး အဲဒီနောက်မှာ အစိုးရအဖွဲ့က တရားဝင် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်မှာပါ။

ဆုံးရှုံးမှု ငွေကြေး ပမာဏ အတိအကျကိုတော့ အခု လောလောဆယ် ထုတ်မပြောနိုင်သေးဘူးလို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဟိုတယ်က ကျွန်းသစ် အများစုနဲ့ တည်ဆောက်ထားပြီး ရေနံဆီဝနေတဲ့ သစ်သားပြားတွေကြောင့် နာရီပိုင်း အတွင်းမှာပဲ ဟိုတယ် အဆောက်အအုံ တခုလုံးနီးပါး မီးကျွမ်းလောင်ခဲ့ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မီးလောင်ကျွမ်းခံထားရတဲ့ ဟိုတယ် ထိပ်ပိုင်းမြင်ကွင်း
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မီးငြှိမ်းသတ်နေတဲ့ မီးသတ်ဝန်ထမ်းများ

မီးလောင်မှုကြောင့် ဂျပန်နိုင်ငံသား ၁ ယောက်နဲ့ ထိုင်း ၁ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ထိုင်း ရုပ်အလောင်းကတော့ ကျား၊ မ မခွဲခြားနိုင်သေးဘဲ မျိုးရိုးဗီဇစစ်ဆေးတာတွေ လုပ်နေတယ်လို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးငြှိမ်းသတ်နေစဉ် ဦးခေါင်မှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ မီးသတ် အရာရှိ ၁ ယောက် ကတော့ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နဲ့ အာရုံ အထူးကြပ်မတ်ကုသဆောင်မှာ အရေးပေါ် ကုသနေရဆဲ ဖြစ်ပြီး ၂ ပတ် ကြာနေသည့်တိုင် သတိမလည်သေးဘူးလို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဘီဘီစီ တဝန်း