စီးပွားရေးလုပ်ဖို့ ခက်ခဲတဲ့ မြန်မာနိုင်ငံ

ဓာတ်ပုံ မူပိုင် WORLD BANK GROUP
Image caption ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၈ စီပွားရေး လုပ်ကိုင်ဖို့အကောင်းဆုံး နိုင်ငံများ အစီရင်ခံစာ

ကမ္ဘာဘဏ်ရဲ့ ၂၀၁၈ ခုနှစ်အတွင်း Doing Business စီးပွားရေး လုပ်ကိုင်ဖို့ အကောင်းဆုံး နိုင်ငံတွေ စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ နေရာမှာရှိနေပါတယ်။

နိုင်ငံပေါင်း ၁၉၀ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို နှိုင်းယှဉ်လေ့လာပြီး စီးပွားရေး လုပ်ကိုင်ဖို့ အခွင့်အလမ်းအပေးဆုံးနိုင်ငံကို နံပတ် ၁ နေရာသတ်မှတ်ပြီး အောက်ဆုံး စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲတဲ့ နိုင်ငံ အဆင့်ဆင့်ကို ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံ၁၉၀ အနက် ၂၀၁၇ ခုနှစ်က အဆင့် ၁၇၀ မှာ ရှိနေခဲ့ရာက ၂၀၁၈ မှာ တဆင့်လျော့ပြီး ၁၇၁ ကို ရောက်သွားနိုင်တယ်လို့ ကမ္ဘာဘဏ်က ခန့်မှန်းထားတာဖြစ်ပါတယ်။

ဒီစာရင်းအရ မြန်မာနိုင်ငံဟာ ဒေသတွင်းက အဆင့် ၁၃၅ မှာရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အဆင့် ၁၄၁ မှာရှိနေတဲ့ လာအို နိုင်ငံတို့ထက် စီးပွားရေးလုပ်ကိုင်ဖို့ ခက်ခဲတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။

အခု နိုင်ငံခြားရင်းနှီးမြှတ်နှံမှုဆိုင်ရာ ဥပဒေအရ အရင်ကထက် ရင်းနှီမြှတ်နှံဖို့ လွယ်လာတယ်လို့ ပြောပေမယ့် တကယ်လက်တွေ့ လုပ်ကိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ်လို့ စီးပွားရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဆရာအောင်ချိန်ဘွားက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၄ သန်းအောက်၊ မြန်မာကျပ်ငွေ သိန်း ခြောက်သောင်းအောက်ဆိုရင် တိုင်ဒေသကြီးနဲ့ ပြည်နယ်အစိုးရရဲ့ ရင်းနှီးမြှတ်နှံမှုကော်မီတီမှာ တင်ပြလုပ်ကိုင်နိုင်ပေမယ့် လက်ရှိ အစိုးရ လက်ထက်မှာ ပြည်ထောင်စု ဝန်ကြီးတွေ ပြည်နယ် တိုင်း ဝန်ကြီးချုပ်တွေက အဆင့်နည်းနည်းနဲ့ မြန်မြန် ဆုံးဖြတ်ချက်ချ ခွင့်ပြုပေးနိုင်တဲ့ အနေအထားမရှိဘူးလို့ ဆိုပါတယ်။

ဥပဒေ စည်းကမ်းတွေ ချနေရုံနဲ့မပြီးဘဲ မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့က အဓိကကျတယ်လို့ ပြောပါတယ်။

ပြည်တွင်းက စီးပွားရေးစတင် လုပ်ကိုင်လိုသူတွေအနေနဲ့လည်း နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ မလာတာကြောင့် တဆင့်ခံ ကံထရိုက်လုပ်ငန်းတွေမရှိတဲ့ အခြေအနေ၊ ဥပဒေ စည်းကမ်းတွေကြောင့် လုပ်ငန်းစတင်နိုင်ဖို့ အဟန့်အတားရှိနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် အခြေခံ ဖြစ်တဲ့ လျှပ်စစ်မီးရရှိမှု၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ်တွေက ငွေချေးငှားနိုင်မှု မရှိတာနဲ့ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေကြောင့် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ဆရာအောင်ချိန်ဘွားက သုံးသပ်ပါတယ်။