မြန်မာကို စစ်ဘက်နဲ့ ဆိုင်တဲ့ ပစ္စည်းရောင်းချခွင့် အစ္စရေး ပိတ်ပင်

ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်လက ထုတ်ပြန်

မြန်မာနိုင်ငံကို စစ်ဖက်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ တင်ပို့ရောင်းချ တာကို အစ္စရေးက ရပ်ဆိုင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လူအခွင့်အရေး ချိုးဖောက်မှုရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲ ခဲ့ပြီး နောက်မှာ အစ္စရေး နိုင်ငံက အခုလို ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာလ နှောင်းပိုင်းမှာတုန်း က အစ္စရေး နိုင်ငံက မြန်မာကို လက်နက် ရောင်းချတာ ကို သတင်းဌာနတွေမှာ လူသိရှင်ကြား ထွက်ပေါ် လာပြီးတဲ့နောက်မှာတော့ ဒီကိစ္စကို အစ္စရေးနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

အစ္စရေးနဲ့ မြန်မာအကြား ပတ်သက် ဆက်နွယ်မှုဟာ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိဘူးလို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အရင်လက ထုတ်ပြန်ခဲ့ပါတယ်။

အမြန်သွား ကင်းလှည့် ရေယာဉ်တွေနဲ့ တခြား စစ်ဖက်ဆိုင်ရာ ပစ္စည်းတချို့ကို အစ္စရေးက မြန်မာ စစ်တပ်ကို ရောင်းချတာတွေ ရှိခဲ့ပါတယ်။

စစ်လက်နက်တချို့ မြန်မာကို ရောင်းချပြီး အထူးတပ်ဖွဲ့တွေကို သင်တန်း ပေးနေတဲ့ ဓာတ်ပုံတွေ အစ္စရေး TAR Ideals Concept ကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာပေါ်မှာလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

နိုင်ငံတကာရဲ့ ဒဏ်ခတ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာ့ စစ်တပ်အပေါ် ခုလို ကန့်သတ်လိုက်တာဟာ ထူးထူး ခြားခြား သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

မြန်မာ စစ်တပ်အတွက် စစ်ဖက်ဆိုင်ရာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တရုတ်၊ အိန္ဒိယ၊ ရုရှားကနေ ရရှိနေ တာလို့ စစ်ရေး လေ့လာသူတွေကဆိုပါတယ်။

လက်နက်ရောင်းချတာ ရပ်ဆိုင်း လိုက်တဲ့အပေါ် အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်တဲ့ အကြောင်း အစ္စရေးတိုင်မ်း သတင်းက ဖော်ပြ ပါတယ်။